အပစ်ရပ်စာချုပ်ကို မပြင်လိုတော့ကြောင်း ဝန်ကြီး ဦးအောင်မင်း ပြောကြား


2015.07.03
sd-620 ပဒိုနော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၃ ၇က်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်
Photo: Aung Moe Myint/RFA

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား မကြာသေးခင်က လက်မှတ်ရေးထိုးထားတဲ့ NCA အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို မပြင်ဆင်လိုတော့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောကြား လိုက်ပါတယ်။

နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ မနက်က ဆွေးနွေးခဲ့ရာမှာ ဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

"ဒီနေ့ဆွေးနွေးတာတော့ ကျနော်တို့ NCA စာချုပ်ကြီးကိုထပ်ပြီးတော့ မပြင်ချင်ဘူး၊ မဖျက်ချင်ဘူး အဲ့ဒီတော့ အခုနောက်ထပ် လော်ခီးလာဆွေးနွေးပွဲက ထပ်ထွက်လာတဲ့အချက် ၁၂ ချက်ကို အစည်းအဝေးဆုံးဖြတ် ချက်တွေလည်း ထည့်ပါဆိုပြီး ကျနော်တို့ဘက်က တောင်းဆိုတာပေါ့၊ သူတို့လည်း ကျနော်တို့ ပစ်ပယ်တာ မဟုတ်ဘူးလေ၊ အဲ့ဒါတွေကိုထည့်ပေးပါဆိုပြီး ကျနော့်တို့ဘက်က တောင်းဆိုတာပါ၊ မနက်ဖြန်ကျ ရင်တော့ ဆွေးနွေးပွဲဆက်မှာပေါ့ ဆွေးနွေးပွဲတဲ့အခါကျတော့ အဖြေပေါ်လာမှာပေါ့"

တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ၂ဝ၁၅ ရွေးကောက် ပွဲ မတိုင်ခင်မှာ လက်မှတ်ရေးထိုးလိုကြောင်း ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ကို ဒီနေ့ တရားဝင် ပြော ဆိုလိုက်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက အခုလိုပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဒီ NCA ကို အမြန်ဆုံးအပြီးသတ်ချင်တာကတော့ နဂိုကတည်းကပါပဲ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စကတည်းက ခပ်မြန်မြန်ခပ်သွက်သွက်လေး အပြီးသတ်ချင်တာပါ၊ ဒီနေ့မှာလည်း ကျနော်တို့ဆွေးနွေးတဲ့အထဲမှာ ဘယ်လိုခပ်မြန်မြန်လေး ခပ်သွက်သွက်လေး ဆုံးဖြတ်နိုင်မယ်ဆိုတဲ့ဟာကို ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်၊ ဒါပေမယ့်လို့ ပထမအကြိမ် တွေ့ဆုံတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ တစုံတစ်ရာဆုံးဖြတ်ချက်ချတာမျိုး သဘောတူညီချက်လုပ်တာမျိုး မရှိသေးဘူး"

ဒီနေ့ ဆွေးနွေးပွဲကို နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့က ၁၅ ဦးအပြင် NCCT အဖွဲ့ဝင်တချို့ပါ တက်ရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့မှာတော့ ဝန်ကြီး ဦးခင်ရီ၊ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်နိုင်ဦးနဲ့ ဦးညိုအုန်းမြင့်တို့ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။