တရုတ်နိုင်ငံသားပိုင် ဟန်ကျိုးပိုင်ရီ စက်ရုံကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီး ပိတ်ထား


2017.02.25

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ  ဆန္ဒပြနေတဲ့အလုပ်သမားတွေဟာ စက်ရုံတာဝန်ရှိသူ တရုတ်နိုင်ငံသား တစ်ယောက်ကို ပြီးခဲ့တဲ့နှစ်ရက်လောက် က ဖမ်းဆီးရိုက်နှက်ပြီး စက်ရုံပိုင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့အတွက် လက်ရှိမှာ စက်ရုံကို ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ်ပြီး ပိတ်ထားပါတယ်။

ဝန်ကြီးချုပ်အမိန့်နဲ့ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်ပြီး ဆန္ဒပြသူတွေက စက်ရုံပစ္စည်းတွေကို ဖျက်ဆီးပြီး ပညာရှင်တစ်ဦးကို ရိုက်လိုက်တဲ့အတွက် ဆေးရုံတင်ထားရတယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးအေးသောင်းက ပြောပါတယ်။

"စက်ရုံကို ဝန်ကြီးချုပ် အစီအမံနဲ့ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ စက်ရုံမန်နေဂျာနဲ့ ပညာရှင် တရုတ်လူမျိုး ၁၀ ဦးလောက်နဲ့ စကားပြန် ၄ ဦးလောက်ကို စက်ရုံအပြင်ထွက်ခွင့်မပေးဘဲ ပိတ်ထားတယ်။ ပညာရှင်တစ်ယောက်ကို ရိုက်ထားလို့ ဆေးရုံရောက်သွားတယ်။ စက်ရုံပိုင်ပစ္စည်းတွေ ကိုလည်း ဖျက်ဆီးထားတယ် ဒါတွေကို လူကြီးတွေက ဥပဒေအရ လုပ်ဆောင်သွားမှာပါ။ ကျနော်တို့လည်း အထဲဝင်လို့မရဘူး"

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဟန်ကျိုးစက်ရုံပိုင်ရှင်နဲ့ တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့နဲ့ ဆန္ဒပြ အလုပ်သမားပြဿနာကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရထံ မနေ့က ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

လတ်တလောမှာ စက်ရုံကို ပိတ်ထားပြီး ရဲ၊ မီးသတ်နဲ့ တာဝန်ရှိသူတွေက စောင့်ကြပ်နေကြတယ်လို့ ဦးအေးသောင်းက ပြောပါတယ်။

လတ်တလောမှာ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် ၁၂ ဦးနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းနေကြပြီး စက်ရုံပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ လူထိခိုက်နစ်နာစေမှုတွေကို ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဟာ ခွင့်ရက်ရှည်ယူလို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တစ်ဦး ကို ပြန်ခန့်ပေးဖို့နဲ့ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ်ကို လိုက်နာဖို့ အလုပ်သမား ၅၀၀ ခန့်က စက်ရုံဝန်းထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။