နိုင်ငံတော်သမ္မတရဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်း

2017-01-04
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ကျင်းပစဉ်
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ကျင်းပစဉ်
Photo: Kyaw Zaw Win/ RFA

တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လွတ်လပ်ရေးရဲ့အသီးအပွင့်ကို အပြည့်အ၀ ခံစားနိုင်ခြင်းမရှိတဲ့အတွက် စိတ်မကောင်းကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဒီနေ့ နေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့တဲ့ သ၀ဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

"လွတ်လပ်ပင် လွတ်လပ်ခဲ့သော်ငြားလည်း လက်နက်ကိုင်ပဋိပက္ခများကြောင့်  တိုင်းရင်းသားဒေသနေရာအချို့ တွင် လွတ်လပ်ရေး၏အသီးအပွင့်ကို  တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်းမရှိဘဲ အနာဂတ်များပျောက်ဆုံးကာ  အမှောင်ဖုံးခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်ပါသည်။"

လက်နက်ကိုင်နည်းလမ်းဟာ ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ လက်နက်ကိုင်ပဋိပက္ခကို ရှည်ကြာစေခဲ့သလို ဖွံ့ဖြိုးမှုတွေလည်း နောက်ကျကျန်ရစ်ခဲ့တာကို ဆယ်စုနှစ်များစွာ အထင်အရှားတွေ့မြင်ကြရ မှာဖြစ်ကြောင်းလည်း သ၀ဏ်လွှာမှာ ပါရှိပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် စုပေါင်းတွေ့ဆုံ ဆွေးနွေး၊ အဖြေရှာမယ့် ၂၁ ရာစုပင်လုံကို တိုင်းရင်းသားပြည်သူအားလုံး မျက်မှောက်ပြုကြဖို့ အရေးကြီးကြောင်းလည်းပါရှိပါတယ်။

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေနဲ့ တောင်ပေါ်မြေပြန့်၊ ပြည်နယ် ပြည်မ မခွဲခြားဘဲ ကျရာအခန်းကဏ္ဍ ကနေ ပြည်ထောင်စုအစိုးရနဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

၂၁ ရာစုပင်လုံမှာ တွေ့ဆုံညှိနှိုင်းမှုတွေကနေ ရရှိလာမယ့် ဘုံသဘောတူညီချက်တွေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး၊ ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် နိုင်ငံတော်နဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ပေါ်ပေါက်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ မျှော်မှန်းချက်တွေနဲ့အညီ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေအကြား ဘက်ညီမျှတစွာ စီးပွားရေး အခြေအနေကောင်းတွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး စတဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားရေးဦးတည်ချက်တွေကို ခံယူပြီး အကောင်အ ထည်ဖော်ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ၊ တပ်မတော်အရာရှိတွေနဲ့ နေပြည်တော်ကောင်စီ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့မှာ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထားတဲ့ မဟာဗန္ဓုလ ပန်းခြံမှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ဗမာ့လွတ်မြောက်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တပ်မတော် သားဟောင်းတွေနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ မိသားစုဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့