တရားမဝင်သစ်တွေ စံချိန်တင်ဖမ်းမိ


2017.02.22
logging-620.jpg ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်
Photo: Nay Thwae/RFA

မြန်မာ့သစ်တောတွေ မြန်မြန်ဆန်ဆန်ပြုန်းတီးနေတာကာကွယ်ဖို့ သစ်မှောင်ခိုလုပ်ငန်းတွေကို အစိုးရက နှိမ် နင်းနေတာရဲ့ တစိတ်တပိုင်းအနေနဲ့ ဒီဘဏ္ဍာရေးနှစ်မှာ တရားမဝင်သစ်တွေ စံချိန်တင်ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူတယောက်က မနေ့က ပြောကြားလိုက်ပါတယ်။

တရားမဝင်သစ်ခုတ်လှဲတာတွေကို အစိုးရသစ်က မပိတ်ပင်မတားမြစ်ခင်ကပဲ မနှစ်က ဧပြီလကစလို့ တရားမဝင် သစ်တန်ချိန် လေးသောင်းဖမ်းဆီးရမိတယ်လို့သစ်တောဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်း က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားတယ်လို့ သတင်းမှာဖော်ပြပါတယ်။

စစ်အစိုးရလက်ထက်ကစလို့ ခုထိ သစ်မှောင်ခိုလုပ်ငန်းတွေရှိနေတဲ့အတွက် ဒီနှစ်မှာမှ သစ်မှောင်ခိုလုပ်ငန်း အများဆုံးပဲဆိုတာ ပြောလို့မရပေမဲ့
အများဆုံးဖမ်းမိတာပါလို့ သူက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ အတွင်း နယ်စပ်ကနေ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ခွဲကျော်ရှိတဲ့ သစ်တွေ ခိုးထုတ်သွားတယ်လို့ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် EIA ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပြောပါတယ်။

ဘရာဇီးလ်နဲ့ အင်ဒိုနီးရှားနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယမြောက် သစ်တော အပြုန်းတီးဆုံးနိုင်ငံပဲလို့ FAO ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ပြောပါတယ်။

၁၉၉ဝ ပြည့်နှစ်က ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုက ၂၀ % ဆုံးရှူံးသွားတယ်လို့ လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရပြီး မကြာခင်မှာ သစ်တောဆိုးဆိုးဝါးဝါးပြုန်းတီးနေတဲ့ ပဲခူးရိုးမမှာ ၁၀ နှစ်
သစ်မခုတ်ရလို့ တားမြစ်လိုက်ပါတယ်။

ဒါပေမဲ့ ဧပြီလမှာ စတင်မယ့်ဘဏ္ဍာရေးနှစ်မှာ ကျွန်းတန်ချိန် တသောင်းခွဲနဲ့ တခြားသစ်မာ တန်ချိန် ၃ သိန်းခွဲထုတ်လုပ်ဖို့ လျာထားတဲ့အကြောင်း သစ်တောဝန်ကြီးဌာန ဒုတိယအထွေထွေမန်နေဂျာက ပြောတယ်လို့ ဆိုပါတယ်။

ဒါဟာ ၂၀၁၁ က ၂၀၁၄ အတွင်း နှစ်စဉ် ကျွန်းတန်ချိန် ၂ သိန်းနဲ့ တခြားသစ်မာတန်ချိန် တသန်းကျော် ခုတ်လှဲ ခံနေရတာရဲ့ အစိတ်အပိုင်းလောက်ပဲရှိတယ်လို့ပြောပါတယ်။

သစ်တွေ မထုတ်လုပ်ခင် သစ်တောပြုန်းတီးနေတာ ရပ်သွားအောင်လုပ်ရမယ်လို့လည်းပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။