တရားမဝင်သစ်တွေ အများဆုံး ဖမ်းဆီးရမိမှုနဲ့ သစ်တော ဝန်ထမ်းတွေကို စစ်ဆေးနေ
2017.02.18
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင်သစ်တွေ အများဆုံးဖမ်းဆီးရမိမှုတွေနဲ့ပတ်သက်ပြီး တာဝန်ကျတဲ့ မြို့နယ် ၄ ခုက သစ်တောဝန်ထမ်းတွေကို သစ်တော ဦးစီးဌာနရုံးချုပ်က စစ်ဆေးနေပါတယ်။
ကိုယ်တာဝန်ကျတဲ့ မြို့နယ်တွေမှာ တရားမဝင်သစ်တွေ အများကြီးရှိနေတာ ဘာကြောင့်မသိရသလဲဆိုတာ ကို ခေါ်ယူမေးမြန်းတာဖြစ်တယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။
"ဒါကတော့ ကျနော်တို့ ဌာနတွင်း လုပ်ထုံးလုပ်နည်းပါခင်ဗျ၊ ကိစ္စတစ်ရပ်ရပ်ဖြစ်ရင် ပုံမှန်ထက် ထူးခြားရင် သက်ဆိုင်ရာဌာန၊ သက်ဆိုင်ရာဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးရပါတယ်ခင်ဗျ၊ ဒီလောက်များများ ဒီလောက်တော်တော်များများရောက်နေတာ ဘာကြောင့် မသိရသလဲဆိုတဲ့ အဖြေလေးရှာချင်လို့ပါခင်ဗျာ၊ အခုချိန်မှာတော့ ကျနော်တို့ဝန်ထမ်းတွေမှာ အပြစ်မရှိဘူး၊ ရှိတယ်ဆိုတာ ပြောလို့မရသေးပါဘူးခင်ဗျ၊ "
ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့အတွင်း တရားမဝင် ကျွန်း၊ တမလန်း၊ ပိတောက်၊ ကုက္ကိုလ် စတဲ့သစ်အမျိုးအစားတွေပါဝင်တဲ့ တရားမဝင်သစ် စုစုပေါင်း တန် ၁၂၀၀ ကျော်ကို ရန်ကုန်တိုင်းအတွင်းမှာ သစ်တောဦးစီးဌာနက ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိမှုတွေဟာ အင်းစိန်၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ အများဆုံးဖမ်းဆီးရမိတာဖြစ် တဲ့အတွက် အဲဒီမြို့နယ် ၄ ခုက တာဝန်ကျသစ်တောဝန်ထမ်းတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။ အဲဒီမြို့နယ် ၄ ခုမှာ တာဝန်ကျတဲ့ သစ်တောဝန်ထမ်း အရေအတွက်ကိုတော့ မသိရှိရပါဘူး။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက် သစ်တောဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းမှာ တရားမဝင် သစ်စုစုပေါင်း တန် ၄ သောင်းကျော်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။