တရားမဝင် လက်နက်တွေ အပ်နှံဖို့ ပြည်ထဲရေး ကြေညာ


2017.10.19
phyokokotintsan-622.jpg လယ်ဝေးမြို့နယ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းနဲ့ စိတ်ကြွဆေးပြားများကို တွေ့ရစဉ်
Photo: Ministry of Home Affairs, Myanmar's facebook

တရားမဝင်လက်ဝယ်ထားရှိတဲ့ လက်နက်/ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ လိုင်စင်မဲ့ယာဉ်တွေကို နီးစပ်ရာ တပ်၊ ရဲစခန်းတွေ၊ ရဲတပ်ဖွဲ့မှူးရုံးတွေကို အမြန်ဆုံးလာရောက်အပ်နှံကြဖို့နဲ့ လာရောက်မအပ်နှံဘဲ လက်ဝယ်ထား ရှိကြောင်း စုံစမ်းဖော်ထုတ်ရရှိရင် တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကြေညာချက်အရ လာရောက် အပ်နှံသူတွေကို အရေးယူမှာ မဟုတ်ဘဲ သတ်မှတ်ချိန်ကျော်လွန်ရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

"သူတို့ကို အရေးမယူဘူး။ ကျနော်တို့က လောလောဆယ် လာအပ်ရတယ်။ အရေးမယူဘူး။ အဲဒီ သတ်မှတ် ကာလထက် ကျော်သွားရင်တော့ တပိုင်းပေါ့ဗျာ။ ဥပဒေနဲ့အညီ ဆောင်ရွက်မှာပေါ့။ ဟုတ်တယ်။ ဘာမှ အရေးယူစရာအကြောင်း မရှိဘူး။ နီးစပ်တဲ့ သက်ဆိုင်ရာစခန်းတို့ ဘာတို့၊ ညာတို့ ကြိုက်တဲ့နေရာ သွားအပ် ရတယ်"

မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ လက်နက်ကိုင်ဆောင်ရေးမှုအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်နဲ့သာ ကိုင်ဆောင်ခွင့်ပြုထားတဲ့အတွက် လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရရှိဖို့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်ထဲရေးဝန်ကြီးဌာန(လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့)ကို တင်ပြလျှောက်ထားမှုအပေါ် စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူပဲ ဆက်သွယ်ရေးစက်တွေကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားပြီး လိုင်စင်ရရှိမှသာ ကိုင်ဆောင်ခွင့်ရှိကြောင်းလည်း ပါရှိပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်ကနေ ရန်ကုန်ကို MNA လေကြောင်းလိုင်းနဲ့ လိုက်ပါမယ့် ခရီးသည် ၃ ဦးရဲ့ ခရီးဆောင်အိတ်တွေအတွင်းက ပစ္စတိုနှစ်လက်၊ ခဲယမ်းတွေ၊ ဆက်သွယ်ရေးစက် ၃ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် နေပြည်တော်နဲ့ ရန်ကုန်တွေက သူတို့နေတဲ့နေရာတွေကို သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော် လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ အရေအတွက်အပါအဝင် ပစ္စတိုနဲ့ ရိုင်ဖယ်သေနတ် စုစုပေါင်း အလက် ၂၀ ကျော် ဆက်သွယ်ရေးစက် ၃၄ လုံး၊ ခဲယမ်းတွေနဲ့ လိုင်စင်မဲ့ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့တာကြောင့် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပြီး ဆက်စပ်တရားခံတွေကိုလည်း ဆက်လက်ဖော်ထုတ် ဖမ်းဆီးအရေးယူနေပါတယ်။

တရားမဝင် လက်နက်ကိုင်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ နဲ့ ၁၉၅၁ ခုနှစ် လက်နက်များ (ယာယီ) ပြင်ဆင်ချက်အက်ဥပဒေ ပုဒ်မ ၁၉-က တို့ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ထက်မနည်း (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ ဆက်သွယ်ရေးစက်တွေကို လိုင်စင်မရှိဘဲ တရားမဝင် ကိုင်ဆောင် လက်ဝယ်ထားရှိတာ (ဒါမှမဟုတ်) အသုံးပြုပါက ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ မော်တော်ယာဉ်တွေကို လိုင်စင်မရှိဘဲ တရားမဝင် လက်ဝယ်ထားရှိတာ (ဒါမှမဟုတ်) အသုံးပြုပါက (၃)နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။