ရုပ်အလောင်း ၁၀ ခု ကို စိစစ်ဆဲဖြစ်


2017.12.20
inndin-corpse-622.jpg မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿာန်မှာ အမည်မသိရုပ်အလောင်း ၁၀ လောင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး - ဖေ့စ်ဘွတ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိသေးတဲ့ ရုပ်အလောင်း ၁၀ လောင်းကို မနေ့က မောင်တောခရိုင်ထွေအုပ် ဦးဆောင်တဲ့အဖွဲ့က တူးဖော်စိစစ်နေဆဲဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ဒီနေ့ ပြောပါတယ်။

စစ်ဆေးတဲ့အဖွဲ့က တရားဝင်အစီရင်ခံစာ ထုတ်ပြန်မှာဖြစ်တယ်လို့လည်း ဦးလှထွန်းကျော် က ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးတဲ့အဖွဲ့မှာ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်၊ မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းက ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်ထွန်းခိုင် တို့ ပါဝင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ ကွင်းဆင်း စစ်ဆေးဖို့ ရှိနေသေးတာကြောင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း သူ့ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။

မနေ့က တူးဖော်ရရှိတဲ့ ရုပ်အလောင်းတွေဟာ မည်သူမည်ဝါ မခွဲခြားနိုင်သေးကြောင်းနဲ့ ရုပ်အလောင်းတွေရဲ့ စိစစ်ဖော်ထုတ်ချက်နဲ့ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမည်မဖော်လိုသူတစ်ဦးရဲ့ သတင်းပေးပို့ တိုင်ကြားမှုကြောင့် ဒီဇင်ဘာလ ၁၈ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပြီး မနေ့က ရုပ်အလောင်းတွေကို တူးဖော်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ တစ်စုံတရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရင် တရားဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။