မြန်မာပြည်ကို နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ လွှတ်ဖို့ EU ထောက်ခံတင်ပြ


2017.03.17

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအပေါ် နိပ်စက်၊ သတ်ဖြတ်မှု အဓမ္မပြုကျင့်မှုများ ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်အတွက် အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးစေလွှတ်ဖို့ ဥရောပ သမဂ္ဂက မနေ့က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂကဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာသူဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းချက်တွေ အရ သတ်ဖြတ်မှုများ အုပ်စုလိုက်မုဒိန်းပြုကျင့်မှုများကို မြန်မာစစ်တပ်နဲ့ ရဲက ကျူးလွန်ခဲ့တာကို သိရှိပြီး လူသားဖြစ် တည်မှုကို ဖေါက်ဖျက်တဲ့ ကျူးလွန်မှုများဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့ လက အစီရင်ခံစာတရပ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဥရောပသမဂ္ဂက ဆုံးဖြတ်ချက်မူကြမ်းတစ်စောင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ပေးပို့ခဲ့ တာဖြစ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး လူအခွင့်အရေးကောင်စီမှာ အဖွဲ့ဝင်၄၇ နိုင်ငံအနေနဲ့ မတ်လ ၂၃၊ ၂၄ ရက်နေ့တွေမှာ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ EU အဖွဲ့က လူ့အခွင့်အရေးကောင်စီကို ဒီကိစ္စကိုအတည်ပြုပါက အချက်အလက် ရှာဖွေရေးအဖွဲ့ကို အမြန်ဆုံးစေလွှတ်ပြီး အကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရဖို့ တာဝန်ခံဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

တဆက်တည်း EU အဖွဲ့ရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ပြည်တွင်းစုံစမ်းရေးကိစ္စတွေ အပါအဝင် ပူးပေါင်းကူညီ ဖို့ တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း ဗြိတိန်သံတမန်ရဲ့ မေတ္တာရပ်ခံချက်အရ ရခိုင်ပြည်နယ် အခြေအနေများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီကနေ့ တခါးပိတ်ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ ရိုက်တာသတင်း တရပ်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။