ကချင်မှာ မြေဧက ၁ဝ သိန်းကျော်ကို ပြန်သိမ်းမည်

2017-05-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြသိန်း ကို ၂ဝ၁၇ ခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြသိန်း ကို ၂ဝ၁၇ ခုနှစ် မေလ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧက ၁၃ သိန်းကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့ရာမှာ ဧက ၁ သိန်းကျော်ကိုသာ အကောင်အထည်ဖော်ထားတာကြောင့် ကျန်တဲ့ ၁ဝ သိန်းကျော်ကို နိုင်ငံတော်က ပြန်လည်သိမ်းယူသွားမှာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အဲဒီမြေလွတ်မြေလပ်မြေရိုင်း ၁ဝ သိန်းကျော်ကို နိုင်ငံတော်က ပြန်လည်သိမ်းယူကြောင်း အမိန့်ကြေညာစာကို မကြာမီ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက RFA ကို ဒီကနေ့ ပြောပါတယ်။

"ဒီဖော်ထုတ်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ မြေတွေကိုသိမ်းယူပြီးမှ အမှန်တကယ်လုပ်မယ့် အစိုးရနဲ့ ဖက်စပ်သော် လည်းကောင်း၊ သီးသန့်ပုဂ္ဂလိက လုပ်ကိုင်ခွင့်သော်လည်းကောင်း ပေးပြီးတဲ့အခါမှာ ဒီမြေလွတ်မြေရိုင်းတွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ဝင်လာအောင် ဒီမြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေမှာလည်းပဲ နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ ဆိုသည့်အတွက်ကြောင့်မို့ ကျနော်တို့ ဒီဟာကို အဲဒီလို နိုင်ငံတော်ဘဏ္ဍာငွေ တိုးပွားလာအောင် အတွက်ကို ကျွန်တော်တို့ ကြိုးပမ်းခြင်းဖြစ်ပါတယ်။ ကျွန်နော်တို့က ဥပဒေအရ ဥပဒေမျက်နှာကိုပဲ ကြည့်ပြီးမှ ဆောင် ရွက်မယ်ဆိုရင်တော့ သိမ်းရုံပဲရှိပါတယ်ခင်ဗျ"

ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်က အဲဒီမြေလွတ်မြေလပ်မြေရိုင်း ဧက ၁၃ သိန်းကျော်ကို ပြည်နယ်အတွင်းက ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာနဲ့ ကုမ္ပဏီလုပ်ငန်းရှင် အယောက်ရှစ်ရာကျော်ကို လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီလို လုပ်ကိုင်ခွင့်ရသူတွေထဲက တချို့ဟာ တဆင့်ပြန်လည် ရောင်းချမှုတွေရှိတဲ့အတွက် ဥပဒေနဲ့မညီကြောင်း၊ စိုက်ပျိုးလုပ်ကိုင်ခွင့်ရပြီး အကောင်အထည်မဖော်တာကြောင့်လည်း နိုင်ငံတော်က မြေခွန်နဲ့ သီးနှံခွန်တွေ ဆုံးရှုံးရတယ်လို့ဆိုပါတယ်။

မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေအရ လုပ်ပိုင်ခွင့်ရတဲ့မြေတွေကို ငှားရမ်းရောင်းချခွင့် မရှိသလို ၄ နှစ်ပြည့်လို့မှ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အကောင်အထည်မဖော်ဘူးဆိုရင် လုပ်ကိုင်ခွင့် အလိုအလျောက် ရုပ်သိမ်းပြီးဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်အတွင်း ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေနဲ့ တောတောင်တွေကို လုပ်ငန်းရှင်တွေက နည်းမျိုးစုံနဲ့သိမ်းယူပြီး တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးလုပ်ကိုင်နေတဲ့အတွက် မြေယာပြဿနာတွေဖြစ်ပွားနေပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့