ထိုးစစ်တွေရပ်ပေးဖို့ ချင်းမိုင်မြို့မှာ ကချင်တိုင်းရင်းသားတွေ တောင်း ဆို


2016.10.10
kachin-stop-war-thai-620.jpg ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်လူမျိုးတွေ စုပေါင်းပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Aung Moe Myint/ RFA

တပ်မတော်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIOနဲ့ တခြားတိုင်းရင်းသား အဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်ပေးဖို့ ဒီကနေ့ မနက် ၁၀ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေစုပေါင်းပြီး ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။

ကချင်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အသက်မြောက်များစွာ ဆုံးရှုံးရသလို အိုးအိမ်တွေလည်း ပျက်စီးခံနေရတဲ့အတွက် လာရောက် ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ ကိုနော်ခမ်း က ပြောပါတယ်။

"အခု အရေးအကြီးဆုံးကတော့ ၂ ချက်ပေါ့နော်၊ တစ်ချက်ကတော့ ကချင်ပြည်နယ်မှာ ကျနော်တို့ ဒီအစိုးရ စစ်တပ်တွေ မြန်မာအစိုးရစစ်တပ်တွေ ထိုးစစ်ဆင်နေ တယ်၊ အဲ့ဒါတွေ အားလုံးကို ချက်ချင်းရပ်တန့်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်၊ ဒုတိယ အချက်တစ်ခုကတော့ ကျနော်တို့ ဒီ အစိုးရစစ်တပ်တွေက ကျနော်တို့ ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ထုတယ် ကလေးတွေသေတယ်၊ ဒီလအတောအတွင်းမှာပဲ မုန်ဂိုအနီးရှိ ပူဝမ်ရွာပေါ့နော် ကချင်ရွာမှာ သူတို့လက်နက်ကြီး ပစ်ထည့်လိုက်တော့ ကလေးသုံးယောက်ထိတယ် တယောက်ကတော့ ဆုံးသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အူတွေဘာတွေ ထွက်သွားတယ်ပေါ့နော် သတင်းမီဒီယာထဲမှာလည်း ရေးထားတာတော့ ရှိပါတယ်။ ဒါပေမယ့် အစိုးရဘက်က တစ်စုံတရာ အရေးယူပေးမှု မရှိသေးဘူး အဲ့ဒါကြောင့် ဒီနေ့ ထပ်ပြီးမှ ဒါကို တောင်းဆိုတယ်။ ဆိုတော့ ဒီနှစ်ချက်ကို အတွက်ကြောင့်မို့ ကျနော်တို့ ဒီကိုရောက်လာခြင်းဖြစ်တယ်။"

ထိုင်းနိုင်ငံရောက် ကချင်လူမျိုးတွေက အချက် ၆ ချက်ပါ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်က KIO အဖွဲ့ကို မြေပြင်မှသော် လည်းကောင်း၊ ဝေဟင်မှသော်လည်းကောင်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီထိုးစစ်ဟာ ၂၀၁၁ ခုနှစ်ကစတင်လာခဲ့တာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပပြီးချိန်မှာ ပိုမိုပြင်းထန်လာကြောင်း ထောက်ပြထားပါတယ်။

မြန်မာကောင်စစ်ဝန်ရုံးကို လာရောက်တောင်းဆိုချက်တွေထဲမှာ တစ်နိုင်ငံလုံး ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးဖို့ အပါအဝင် ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာယာဉ်တန်းတွေကို အစိုးရစစ်တပ်မှ ဟန့်တားခြင်းမပြုဖို့၊ စစ်ဘေးဒုက္ခသည်တွေ ကိုယ့်နေရပ်ကို လုံခြုံစွာ အမြန်ပြန်နိုင်ရေးအတွက် အစိုးရမှ လက်တွေကအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့တွေလည်း ပါဝင်ပါတယ်။

ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုတွေ ရပ်တန့်ပေးဖို့ ကချင်လူမျိုးတွေ စုပေါင်းပြီး ဒီကနေ့တောင်းဆိုကြတဲ့ စာတစ်စောင်ကို မြန်မာကောင်စစ်ဝန်ရုံးကို ပေးအပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကောင်စစ်ဝန်ရုံးက တစ်ဦးတစ်ယောက်မှ လာရောက်လက်ခံရယူတာမျိုး မရှိခဲ့တဲ့အတွက် ရုံးရှေ့က စာတိုက်ပုံးမှာပဲ ထည့်ထားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။