ထောက်ပံ့ရေးပစ္စည်း ပို့တဲ့ယာဉ်တွေ တားဆီးခံရ


2017.08.19
kachin-refugees-622 တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က နမ္မတီးမြို့ပေါ်က ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်ကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: salai

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ရဲ့ တိုက်ပွဲတွေကြောင့် နမ္မတီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြသူတွေအတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖားကန့်ကနေ ထောက်ပံ့ရေးပစ္စည်းတွေသွားပို့တဲ့ ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းယာဉ်တန်း တားဆီးခံခဲ့ရပါတယ်။

ကားမိုင်းမြို့မဝင်ခင် စုပေါင်းဂိတ်မှာ အတားခံလိုက်ရတာဖြစ်တယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဌ ဦးလမောင်လတောင် က ပြောပါတယ်။

"ကားမိုင်းမြို့မဝင်ခင် စုပေါင်းဂိတ်မှာ အတားခံလိုက်ရတာ၊ တားပြီး စစ်လား ဆေးလား လုပ်ပြီးတဲ့အခါ ကျတော့ အဲမှာ ၁၂ မိုင်လောက်ရှိတဲ့ နေရာကိုရောက်ပြီ ဒါပေမဲ့ ကျနော်တို့ ကား ၈ စီးထဲက တစ်စီးကို ကျတော့ ပြန်ပြီးတားထားလိုက်တာ၊ ကျွန်နော်တို့ အားလုံးပြန်ခေါ်ပေါ့ဗျာ၊ ဂိတ်လည်းရောက်တာနဲ့ အားလုံးကို မှတ်ပုံတင်ပြန်စစ်တာ၊ ဖမ်းတာက ရဲမပါဘူးဗျ၊ စစ်တပ်က တပ်မ ၁၀၁ ပေါ့၊ အားလုံးမှတ်ပုံတင်ပါတဲ့အခါကျတော့ မင်းတို့ Without ကားပါ ပါတယ်ပေါ့၊ Without ကား ၄ စီးကို ဖမ်းလိုက်ပြီပေါ့၊ ဒီဘက်ကလမ်းကျတော့ Without ဆိုတာ နေ့တိုင်း ကားအစီး ၁၀၀ ကျော် အမြဲဖြတ်နေတဲ့လမ်း၊ နောက်ပြီးတော့ ဖမ်းလိုက်တဲ့ဗိုလ်မှူး သူကိုယ်တိုင်က Without စီးနေတာလေ၊ ဒါပေမဲ့ အဲ့လောက် Without ကားသွားလာနေတဲ့ကြားထဲက သူက ၄ စီးလောက်ပဲ ဖမ်းလိုက်တာ"

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၈ ရက်နေ့က ကားမိုင်းမြို့နယ် ရဲစခန်းမှာ ဖားကန့်မြို့နယ် ရဲမှူးနဲ့ မိုးညှင်းခရိုင် ရဲမှူးတို့က လာရောက်ဖြေရှင်းခဲ့ကြပေမယ့် ပြေလည်မှုမရခဲ့ဘူးလို့ ဦးလမောင်လတောင် က ပြောပါတယ်။

အဲဒါကြောင့် ဒီနေ့မနက်ပိုင်းမှာ လိုင်စင်မဲ့ကားတွေကို ရဲစခန်းထံသွားအပ်ဖို့အတွက် အသွားမှာ ကားမိုင်းဒေသခံ အမျိုးသမီး ၁၀၀ လောက်က ကားတွေကို အအပ်မခံဘဲ လမ်းပိတ်ရပ်ပြီး တားမြစ်ခဲ့ပါတယ်။

ကာမိုင်းရဲစခန်းက ရဲအင်အား ၆၀ ဝန်းကျင်လောက်က တားမြစ်ထားသူတွေကို ဖယ်ရှားပေးခဲ့တာကြောင့် ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သလို ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနဲ့ လိုက်ပါလာသူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေပိုင်းအထိ ရဲစခန်းထံ သွားအပ်နှံမယ့် လိုင်စင်မဲ့ကားတွေက လမ်းမပေါ်မှာပဲရှိနေဆဲဖြစ်ပြီး အမျိုး သမီးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း လမ်းတစ်ဖက်တစ်ချက်စီမှာ ရှိနေဆဲဖြစ်တယ်လို့ ဦးလမောင်လတောင် က ပြောပါတယ်။

ကဆုန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ ဒီလ ၁၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွား ခဲ့တာကြောင့် ဒေသခံတွေက မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အဲဒီစစ်ဘေးဒုက္ခသည်တွေအတွက် ခေါက်ဆွဲခြောက်တွေ၊ အဝတ်အစားတွေ နဲ့ မိုးကာတွေ လှူဒါန်းဖို့အတွက် သွားရောက်တာလို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။