ကျောက်မီးသွေးစက်ရုံ ရှိလာရင် ထင်းသုံးစရာ မလိုတော့


2017.11.10
sawchitkhin-622.JPG ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာဟာ သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းပြီးသားဖြစ်တယ်လို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် ကပြောပါတယ်။

ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ရရှိမှာဖြစ်တဲ့အတွက် ထင်းနဲ့ ထမင်း မချက်ရတော့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားဖြစ်သွားမယ်လို့ ဦးစောချစ်ခင် ကပြောပါတယ်။

"ထင်းနဲ့ထမင်းမချက်တော့ဘူး၊ ကျနော်တို့ ထင်းခုတ်စရာမလိုဘူး၊ သစ်ပင်ခုတ်စရာမလိုဘူး"

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝတ်ကြီးကျေးရွာမှာ ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ တိုယိုထိုင်းကုမ္ပဏီက ၁၂၈၀ မဂ္ဂဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လျာထားတာဖြစ်ပါတယ်။

ဒီကျောက်မီးသွေးစက်ရုံကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအရ ထိန်းသိမ်းမှာဖြစ်ကြောင်းနဲ့ ကမ္ဘာပေါ် မှာ ကျောက်မီးသွေးစက်ရုံတွေ အများအပြားရှိပြီး မလုပ်ရဲစရာအကြောင်းမရှိဘူးလို့လည်း ဦးစောချစ်ခင် က ပြောပါတယ်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့လျာထားတဲ့ ဝတ်ကြီးကျေးရွာအုပ်စုက ဒေသခံတွေကတော့ ကျောက် မီးသွေးစက်ရုံဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူနေမှုပုံစံတွေကို ထိခိုက်မှုရှိလာမှာ ဖြစ်တဲ့အတွက်ဆိုပြီး စီမံကိန်းကို ကန့်ကွက်နေကြပါတယ်။

ဒါ့အပြင် အရပ်ဘက်အဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေကလည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို ကန့်ကွက်နေကြပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာရင် ပြည်သူကပေးတဲ့ အပြစ်ဒဏ်ကို ခံယူမယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မယ့် ဝတ်ကြီးကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။