ကရင်လူငယ်တွေ ပညာရေး နှိမ့်ချဆက်ဆံခံနေရ


2017.02.22
maela-students-620.jpg မယ်လဒုက္ခသည်စခန်းက ကျောင်းသားတွေကို တွေ့ရစဉ်
Photo: KSNG FB

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ သင်ကြားခဲ့တဲ့ ပညာအရည်အချင်းတွေကို လက်ရှိမြန်မာအစိုးရက ထိုက်ထိုက်တန်တန် အသိအမှတ်ပြုပေးပါလို့ ကရင်လူငယ်အဖွဲ့အစည်းတချို့က တောင်းဆိုလိုက်ပါတယ်။

သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို “မေ့လျှော့ခံနေရသော လူငယ်များ၏ ရင်ဖွင့်သံ” (Unrecognized Leaders, Tomorrow’s Hope: Raising the Voices of Forgotten Youth” လို့ အမည်ပေးရိုက်ကူးထားတဲ့ မှတ်တမ်းတင် ဗီဒီယိုတခုကို ကရင်လူငယ်တွေက ရန်ကုန်မြို့မှာ မနေ့က ထုတ်ပြန်ပြသခဲ့ပါတယ်။

အဲဒီ မှတ်တမ်းတင်ဗီဒီယိုကို ထုတ်လုပ်တင်ပြရာမှာ ပါဝင်သူတဦးဖြစ်တဲ့ ကရင်ကျောင်းသားကွန်ရက် ဥက္ကဌ စောထူးထူး စတင်း က မြန်မာပြည်တွင်းမှာပြန်လည်အခြေချဖို့ သွားရောက်ခဲ့ကြတဲ့ မိမိတို့ ကရင်လူငယ်တွေကို သက်ဆိုင်ရာ အစိုးရပညာရေးဌာနဝန်ထမ်းတွေက နယ်စပ်ဒေသ စာသင်ကျောင်းတွေမှာ ခိုလှုံနေထိုင်ရစဉ်စနစ်တကျ သင်ကြားခဲ့တဲ့ပညာတွေကို အသိအမှတ်ပြုခြင်းမရှိဘဲ နှိမ့်ချဆက်ဆံနေတယ်လို့ RFA ကို ပြောပါတယ်။

“စခန်းမှာ ၁ဝ တန်းအောင်ပြီး မြန်မာပြည်ပြန်တဲ့ ကရင်လူငယ်တွေ ကျောင်းပြန်တက်မယ်ဆိုတော့ အစိုးရဘက်က လက်မခံဘူး။ ဆိုပါတော့ကျောင်းသားတဦးက မြန်မာပြည်မှာ ၆ တန်းအထိနေပြီး နယ်စပ်စခန်းမှာ ၁ဝ တန်းအောင်သွားပေမယ့် ပြည်တွင်းပြန်သွားတဲ့အခါ ဆရာ ဆရာမတွေကသူ့ကို နင်ကမြန်မာပြည်မှာ ၆ တန်းပဲအောင်သွားတာ။ အခု ၇ တန်းပဲပြန်တက်ရမယ်၊ နင်တက္ကသိုလ် တက်လို့မရဘူး။ ၁ဝ တန်းလည်း ပြန်တက်လို့မရဘူးလို့ပြောတယ်။ကျနော်တို့နယ်စပ်ကျောင်းမှာ ရသွားတဲ့လက်မှတ်ကို အစိုးရက အသိအမှတ်မပြုဘူး။”

စောထူးထူးက ဒီပြသနာကို ကရင်အဖွဲ့အစည်းတွေထံ သူတို့ တင်ပြထားပေမယ့် အခုအချိန်ထိ ထူခြားမှု မရှိသေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေက ဖြေရှင်းပေးစေလိုပါတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာမှာတော့  အခုလို တခြားတိုင်းပြည်တွေက အသစ်ရောက်လာတဲ့ ကျောင်းသားတွေကို သူတို့ရဲ့  အသက်အရွယ်အလိုက် ဒေသခံတွေနဲ့တန်းတူထားပြီး ကျောင်းပညာကိုသင်ကြားစေပါတယ်။  အဲဒီလို တက်ရောက်သင်ကြားရာမှာ လိုအပ်တဲ့ ပညာရေးကွာခြားမှုကို  ဖြည့်စည်းဖို့အတွက် သင့်တော်တဲ့ ကျောင်း သင်ခန်းစာတွေ  သီးခြားသင်ကြားပေးရသလို ကောလိပ်တက်ဖို့ အရည်ချင်းစစ်စာမေးပွဲလည်း ဖြေဆိုရပါတယ်။

ထိုင်းမြန်မာ နယ်စပ်ဒေသ ဒုက္ခစခန်းတွေက ကျောင်းသူကျောင်းသားလူငယ်တွေရဲ့ဘဝပုံရိပ်တွေနဲ့ သူတို့ ဆုံးရှုံးနစ်နာနေတဲ့ပညာရေးအခြေအနေတွေအကြောင်း ၅၅ မိနစ်ကြာ တင်ပြထားတဲ့ မှတ်တမ်းတင် ဗီဒီယိုရုပ်ရှင်ကို ရန်ကုန်မြို့က Green Hill ဟိုတယ်မှာ မနေ့ကသတင်းစာရှင်းလင်းပွဲကျင်းပပြီး ထုတ်ပြန်ခဲ့တဲ့ အဖွဲ့အစည်း ၃ ခု ကတော့ ကရင်ကျောင်းသားကွန်ရက်(Karen Student Network) ကရင်လူငယ်အစည်းအရုံး (KarenYouth Organization) နဲ့ ဘားမားလင့် (Burma Link) တို့ဖြစ်ပါတယ်။

နယ်စပ်က ကရင်ဒုက္ခသည်စခန်း ၇ ခုမှာ လူတသိန်းကျော် ခိုလှုံနေထိုင်ကြတဲ့အနက် သူငယ်တန်းက ၁၂ တန်းအထိ သင်ကြားနေသူနဲ့ သင်ကြားပြီးသူ ကျောင်းသားလူငယ် ၂သောင်းကျော် ရှိနေတယ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြောပါတယ်။

ကရင်ကျောင်းသားကွန်ရက်(Karen Student Network) ဥက္ကဌ စောထူးထူး စတင်းနဲ့ အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။