လွိုင်ကော်မှာ ဘိလပ်မြေစက်ရုံတည်ဆောက်မှာကို ကန့်ကွက်


2017.08.16
kayah-cement-factory-statement-622.jpg ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာ ဘိလပ်မြေစက်ရုံတည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
.

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာမှာ တစ်ရက်ကို တန် ၄၀၀၀ ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ကန့်ကွက်ကြောင်း ကယားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံဟာ မြို့နဲ့နီးကပ်ပြီး ဘေးထွက်ဆိုးကျိုး ၁၀ ရာခိုင်နှုန်းရှိတယ်လို့ စက်ရုံက ပြောကြားထားပေမယ့် မြို့ခံလူထုက စိုးရိမ်ကြောင့်ကြတာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ရာမှာပါဝင်တဲ့ ကယန်းအမျိုးသား ပါတီ ဥက္ကဌ ခွန်းဘီထူး က ပြောပါတယ်။

"အဓိကအကြောင်းအရင်းက စက်ရုံနဲ့ မြို့နဲ့အရမ်းနီးတယ် စက်ရုံကဘေးထွက်ဆိုးကျိုး ၁၀ ရာခိုင်နှုန်းရှိတယ် ဆိုပြီး စက်ရုံဘက်က ဝန်ခံထားတဲ့အပေါ်မှာ မြို့ခံလူတွေက စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ဒီလိုမျိုး ကန့်ကွက် တာ ဖြစ်ပါတယ်"

ဘိလပ်မြေတည်ဆောက်မယ့်စက်ရုံဟာ သဘာဝပတ်ဝန်းကျင်သက်ရောက်မှု လေ့လာဆန်းစစ်ချက် EIA ၊ SIA တွေကို အသေးစိတ်ရှင်းလင်းပြောဆိုထားတာမရှိသလို အစိုးရအသိအမှတ်ပြု ကယားပြည်နယ် EITI အဖွဲ့နဲ့ ဆွေးနွေးတာမရှိဘဲ သဘောထားရယူထားတာလည်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးနေတဲ့ကာလအတွင်း ကြီးမားတဲ့ရင်းနှီးမြုှပ်နှံမှုတွေ လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ရာကျတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီစက်ရုံကို ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက်က ဆောက်လုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် MICနဲ့ ပြည်နယ်အစိုးရအဆက်ဆက် ခွင့်ပြုချက်ရရှိထားတာကြောင့် အကောင်အထည်ဖော်သွား မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

ရှမ်းပြည်နယ် ပင်လောင်းမြို့မှာဆောင်ရွက်နေတဲ့ တီကျစ် ကျောက်မီးသွေးစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် နဲ့ လူတွေ ထိခိုက်မှုတွေရှိနေတာကို တွေ့မြင်ထားရတဲ့အတွက် အခုဆောင်ရွက်မယ့် တစ်ရက် တန် ၄၀၀၀ ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံဟာ မြန်မာနိုင်ငံမှာ အကြီးမားဆုံးဘိလပ်မြေစက်ရုံဖြစ်တာကြောင့် ဘေးထွက် ဆိုးကျိုးတွေ အများကြီးဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။