လွှတ်တော်ရေးရာကော်မတီအဖွဲ့ဝင် ၄ ဦး နှုတ်ထွက်


2018.01.10
kayah-parliament-622.jpg ကယားပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA

ကယားပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိတော့လို့ဆိုပြီး ပြည်နယ်လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာ ဆန်းစစ်ရေးကော်မတီအဖွဲ့ဝင် ၄ ဦး ဒီကနေ့ နှုတ်ထွက်စာတင်လိုက်ပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သားတစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြခဲ့တဲ့ လူငယ် ၅ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတဲ့ လွှတ်တော်ကို အယုံအကြည် မရှိတာကြောင့် နှုတ်ထွက်စာတင်တာလို့  ပြည်နယ်လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီ အဖွဲ့ဝင် ခူးတူရယ် က ပြောပါတယ်။

"ကယားပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိတာလည်းပါတယ်၊ ပြီးတော့ အသတ်ခံရတဲ့သူတွေအပေါ်မှာ လည်း သူတို့တစ်စုံတရာ ပြောဆိုဆွေးနွေး တာမျိုးမဟုတ်ဘဲနဲ့ နှုတ်ပိတ်နေတယ်၊ ဒါကိုလည်း ကျနော်တို့ အားမလိုအားမရဖြစ်တဲ့အတွက် ကျနော်တို့ နှုတ်ထွက်တယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ပါ်မှာ ထိခိုက်စေနိုင်မယ့် စစ်တပ်ရဲ့အပြုအမူပေါ်မှာ ဝေဖန်ပိုင်းခြားထောက်ပြတာမျိုးမရှိဘဲနဲ့ နှုတ်ပိတ်နေတဲ့ ပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိတာလည်းပါမယ်၊ နောက်ပြီးတော့ အမှန်တရားကို ထွက်ပေါ်လာဖို့ ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကိုလည်း တရားစွဲထားတယ်ဆိုတော့ ဒီဟာတွေကို မတရားဘူးလို့ ကျနော်တို့ မြင်လို့ ကျနော်တို့ နှုတ်ထွက်တာ ဖြစ်တယ်၊ ကျနော်တို့ CSO က ၄ ယောက်လုံး နှုတ်ထွက်တယ်"

အဲဒီကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့တွေ စုစုပေါင်း ၂၄ ဦးပါဝင်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်က တပ်မတော် သားတွေက သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က တက်ကြွလှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလိုဆန္ဒပြခဲ့တဲ့အတွက် ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့က ကိုမျိုးလှိုင်ဝင်း၊ ခွန်းဂျွန်ပေါလ်၊ ခွန်းရဲမင်းကျော်၊ ခွန်းဘိုဘိုနဲ့ ကိုဒီးဒီ တို့ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ လွိုင်ကော်မြို့နယ် ရဲစခန်းမှုးက တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို ဒီကနေ့ အမိန့်ချမယ်ဆိုပြီး ပြီးခဲ့တဲ့တစ်ခေါက်ရုံးချိန်းတုန်းက ဆုံးဖြတ်ထားပေမယ့် ဒီနေ့မှာ တရားလိုပြ သက်သေ ၂ ဦးနဲ့ ဖမ်းဆီးခံထားရသူ ၅ ဦးကိုသာ စစ်ဆေးခဲ့ပြီး အမိန့်မချသေးဘဲ လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။