စည်ပင် ဥပဒေသစ် ကော်မတီ ဝင်ဟောင်းတွေ ကန့်ကွက်


2016.05.17
khinhlaing-ycdc-620.jpg စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်နဲ့ ကော်မတီဝင် နှစ်ဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ  အဆင့် ဆင့်ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်လိုက်တဲ့  အတွက် ရွေးကောက်တင်မြှောက် ခံထားရတဲ့ ကော်မတီဝင်တွေက အဲ့ဒီလို ပြင်ဆင်တာဟာ  တရား မဝင်ကြောင်း ဒီကနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့တော်ခန်းမမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် က ရွေးချယ်တင်မြှောက်ခံထားရသူ တစ်ဦးဖြစ်တဲ့ ကော်မတီဝင် ဦးခင်လှိုင်က ခုလို ပြောပါတယ်။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန် ခဲ့သော ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်သည့်အမိန့်သည် ဥပဒေအရတရားမဝင်ပါကြောင်းနှင့် ထိုကိစ္စ ကိုအမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည် ဆိုပြီးတော့ ကျနော်တို့ ကော်မတီ ဝင် ၃ ဦးကနေ လက်မှတ်ရေးထိုးပြီးတော့ ကြေညာခဲ့ပြီးဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ကော်မတီကနောက်နေ့လည်း ဆက်ပြီးအလုပ်လုပ်နေမှာပါ၊ ဒီနည်းဥပဒေကတော့ ထုတ်ပြန်ခွင့်ရှိပါတယ်၊ ဒီနည်းဥပဒေဟာလည်း နောက်လာ မယ့်ရွေးကောက်ပွဲတွေအတွက် လုပ်ရတာပါ"

သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ကော်မတီဝင် ၃ ဦးက သတင်းမီဒီယာတွေကို ဖိတ်ကြားထားပေမယ့် စည်ပင် ဝန်ထမ်းတွေက ဝင်ခွင့်မပြုတဲ့အတွက် ဦးခင်လှိုင်တို့ ကော်မတီဝင်တွေနဲ့ စည်ပင်သာယာရေးဝန်ထမ်းတွေ အကြားမှာ ရုန်းရင်ဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ပြင်ဆင်လိုက်တဲ့ နည်းဥပဒေအသစ်ကို ဒီနေ့ ရန်ကုန်မြို့တော် သတင်းစာမှာ ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။ အဲဒီမှာ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်က ရွေးကောက်တင်မြှောက်လိုက် တဲ့ ကော်မတီဝင်၊ ခရိုင်နဲ့ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းတွေရဲ့ သက်တမ်းဟာ အစိုးရအဖွဲ့သက်တမ်း အတိုင်းသာ ဖြစ်တယ်လို့ ပြင်ဆင်အစားထိုးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို အစားထိုးလိုက်တဲ့အတွက် ရွေးချယ် ခံခဲ့ရတဲ့ ၁၁၅ ဦးရဲ့သက်တမ်းဟာ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင် ကော်မတီဝင် ဦးခင်လှိုင်က အခု ပြဋ္ဌာန်းလိုက်တဲ့ နည်းဥပဒေဟာ သူတို့လို ၂၀၁၄ ခုနှစ် က ရွေးချယ်တင်မြှောက်ခံရတဲ့ ကော်မတီဝင်တွေနဲ့ မသက်ဆိုင်ဘဲ သူတို့သက်တမ်းဟာ နောက်ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။