ကေအိုင်အေဌာနချုပ်အနီးရှိ တပ်စခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ်


2016.08.18
army-cannon-620.jpeg လက်နက်ကြီးအမြှောက်နဲ့အတူ အစိုးရစစ်သားများကို တွေ့ရစဉ်
Photo: Kachin Land

ကေအိုင်အို ဌာနချုပ်ရှိတဲ့ လိုင်ဇာဝန်းကျင်မှာရှိနေတဲ့ မဟာမိတ်တပ်စခန်းတွေအပါအဝင် ကေအိုင်အို စခန်းတွေကို အစိုးရတပ်ကနေ လက်နက်ကြီးတွေနဲ့ မနေ့က မနက်ပိုင်းကစလို့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တရုတ်မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာဒေသအတွင်းရှိ စခန်းတွေကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ မနက် ၁ဝ နာရီက စလို ပစ်ခတ်တယ်လို့ ABSDF မြောက်ပိုင်းကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်းက ပြောပါတယ်။

“မနက် ၁ဝ နာရီကနေ ၁၂ နာရီ အခုအချိန်အထိ အတောအတွင်းပေါ့၊ လက်နက်ကြီးတွေကျတယ်၊ ကျနော်တို့ ကျောင်းသားတပ် ရှေ့တန်းပို့စ်မှာလည်း လာကျတယ်လေ၊ နောက် မုန်လယ်ခက် လမားယန် အဲ့ဒီဘက်တလျှောက် ကျနော်တို့ ရှေ့မှာရှိတဲ့ ဖွန်ပျဉ်ဘွမ်တို့၊ ခယာဘွမ်တို့ကနေ ဒွမ်ဘန်ဘွန်တို့ကနေ သူတို့လက်နက်ကြီးနဲ့ လှမ်းထုလို့ဖြစ်တာပေါ့၊ ထိခိုက်တာတော့ ဘာမှ မကြားရသေးဘူးဗျ၊ ကျနော်တို့ ဘက်မှာတော့ တစ်လုံး ဟိုဘက်မှာတော့ ၁ဝ လုံးကျော်ကျော် ကျတယ်လို့သိရပါတယ်ဗျ၊ လိုင်ဇာ ပတ်ဝန်းကျင်တလျှောက်ပဲ”

လက်နက်ကြီးနဲ့ အခုလို အပစ်ခံရတာဟာ ကေအိုင်အို တပ်မဟာ ၅ ဒေသအတွင်းရှိ လိုင်ဇာဗဟိုဒေသမှာသာမက တပ်မဟာ ၃ ဒေသ၊ ဗဟိုလုံခြုံရေး တပ်ရင်း ၂၄ နဲ့ ဗန်းမော်မြစ်ကြီးနားလမ်းအနီးက စခန်းတွေလည်း ပါဝင်တယ် လို့ ကေအိုင်အို ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူကလည်း ပြောပါတယ်။

“ဒေါ့ဖုန်းယန် လက်နက်ကြီးတပ်ကနေ ကေအိုင်အို တပ်မဟာ ၅ လုံခြုံရေးနယ်မြေဖြစ်တဲ့ ကျော်မော် ဆိုတဲ့ ရှေ့တန်းစခန်းတွေကို ၈၁ မမ လို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ပစ်တယ်၊ နောက် ကျောင်းသား တပ်တွေနေတဲ့ နေရာမှာလည်း ၈၁ မမလို့ယူဆရတဲ့ လက်နက်ကြီးနဲ့ပစ်တယ်၊ နောက် ခယာတောင် ကနေပြီးတော့ မုန်လယ်ခက်ဆိုတဲ့ လိုင်ဇာမြောက်ဘက်က ရွာလေး AA တပ်စခန်း နီးနေတဲ့နေရာပေါ့၊ မိုင်ဆာပါဆိုတဲ့နေရာဘက်မှာ ၈၁ မမနဲ့ ၁၁ ကြိမ်ပစ်တာတွေရှိတယ်၊ အဲ့ဒါကြောင့် တပ်မတော်ဘက်ကနေ ခြိမ်းခြောက်ပစ်ခတ်တဲ့သဘောနဲ့ ဒီမနက် ၁ဝ နာရီနဲ့ ၁၁ ကြားမှာရှိပါတယ်”

အခုလက်နက်ကြီးနဲ့ ပစ်တဲ့တောင်ကုန်းတွေဟာ လိုင်ဇာအနီးဝန်းကျင်မှာရှိပြီး  ၂ဝ၁၁ ခုနှစ်က လေကြောင်းပစ်ကူ အပါအဝင် စစ်အင်အား အလုံးအရင်းနဲ့ အစိုးရတပ်က တိုက်ခိုက်ပြီး သိမ်းပိုက်ထားတဲ့ တောင်ကုန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။