ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရက်ရွှေ့ဆိုင်း
2013.02.25
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးရေးကို ရွှေလီ အစည်းအဝေးမှာ သဘောတူထားတဲ့အတိုင်း ဖေဖော် ဝါရီလကုန်ပိုင်းမှာ တွေ့ဆုံနိုင်မှာမဟုတ်ပဲ မတ်လထဲကို ရက်ရွှေ့ဆိုင်းဖို့ အကြောင်းကြားထားတယ်လို့ KIO က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က တရုတ်နိုင်ငံ ရွှေလီ မြို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဖေဖော်ဝါရီလ မကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက်သဘောတူခဲ့ကြပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ရက်ရွှေ့ဆိုင်းမှု နဲ့ ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက အခုလိုပြောပါတယ်။
“ဒီဖေဖေါ်ဝါရီလကတော့ အခုလဲလကုန်နေပြီ ကပ်နေပြီပေါ့၊ အဲတော့ ဒီလကတော့ မဖြစ်နိုင်တဲ့အကြောင်း ပြောထားတယ်ခင်ဗျ၊ ဒီမတ်လ ၁၀ရက် ပတ်ဝန်းကျင်လောက် ဖြစ်နိုင်မယ်ဆိုတဲ့ဟာပေါ့၊ အဲလိုဟာမျိုးအကြောင်းကြားဖို့ အချင်းချင်းက ပြန် ညှိနှိုင်းကြတာပေါ့”
ကေအိုင်အိုနဲ့ အစိုးရကြား စတင်ဆွေးနွေးမူတွေ လုပ်ပြီးနောက် တိုက်ပွဲတွေ သိသိသာသာ နည်းသွားပေမယ့် ပြီးခဲ့တဲ့ ၂၃ရက်နေ့ကစပြီး ကချင်ပြည်နယ် မေခမြစ်အရှေ့ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ KIA တပ်ရင်း ၁၀ ကို အစိုးရတပ်တွေက တိုက်ခိုက်မူတွေရှိတယ်လို့ ဦးလာနန်းက ပြောပါတယ်။
ဒါပေမယ့် ရက်ရွှေ့ဆိုင်းလိုက်တာဟာ အဲဒီလိုတိုက်ပွဲတွေ ဖြစ်တာကြောင့်မဟုတ်ပဲ တခြားစီစဉ်စရာ ကြိုတင်ပြင်ဆင်စရာ ကိစ္စတွေရှိတာကြောင့် ဖြစ်တယ်လို့ပြောပါတယ်။