အပစ်ရပ်ရေး စာချုပ်ကို KIO လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထား


2015.07.19
upwc-kio-620.jpg UPWC ဥက္ကဌနဲ့ KIO ခေါင်းဆောင်တွေ မတ်လ ၁၅ ရက်နေ့ က နေပြည်တော် MICC 2 မှာ တွေ့ဆုံနေစဉ်။
Photo: Win Naung Toe/ RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ်ကို လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ် ထားကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်တီ UPWC ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ KIO ဒုဥက္ကဌ ဒုတိယ ဗိုလ်ချူပ်ကြီး အင်ဘန်လ တို့က ဒီနေ့ ပြောကြား လိုက်ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဝန်ကြီး ဦးအောင်မင်းနဲ့ KIO ဒုဥက္ကဌ ဒုတိယဗိုလ်ချူပ်ကြီး အင်ဘန်လ တို့နှစ်နာရီနီးပါးကြာ နှစ်ယောက်တည်း သီးခြား တွေ့ဆုံခဲ့ပြီး NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်အပေါ် အာမခံချက် ရှိ၊ မရှိ ဆိုတာတွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဦးအောင်မင်း က ပြောပါတယ်။

"KIO ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ် လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်၊ သို့သော်လည်းပဲ အာမခံချက် ဘယ်လောက်ရှိလဲဆိုတာကို သိချင်တာပါ။ ဒါကို အာမခံချက် ရှိမှ လုပ်ချင်တာပေါ့။ ဒါပေမယ့် ထိုးဖို့ ကတော့ ဗဟိုကော်မတီက ဆုံးဖြတ်ထားပြီးသား"

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KIO ဒုဥက္ကဌ ဒုဗိုလ်ချူပ်ကြီး အင်ဘန်လ က သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုဖို့ ငြင်း ဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ EAOs SD က ပဒို နော်စီဖိုးရာစိန် ဦးဆောင်တဲ့အဖွဲ့နဲ့ ဝန်ကြီး ဦးအောင် မင်း ခေါင်းဆောင်တဲ့ UPWC အဖွဲ့တို့ထပ်မံတွေ့ဆုံပြီး လာမည့် ၂၂ ရက်နေ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တာတွေ ညှိနှိုင်းခဲ့တယ်လို့ ဝန်ကြီး ဦးအောင်မင်း က ဆက်ပြောပါတယ်။

"ကျနော်တို့ အခု ၂၂ ရက်နေ့ ရန်ကုန်မှာလုပ်မယ့် အစည်းအဝေးကို ဘယ်သူတွေ တက်ကြမယ်၊ ဘယ်လမ်းကြောင်း ကလာမလဲ အဲ့ဒါတွေကို ကျနော်တို့က ညှိရတာပေါ့။ ကျနော်တို့ထဲမှာ လာတဲ့အခါကြတော့ ကျနော်တို့က သူတို့ ကို ခေါ်ပေးရမှာပေါ့ ကြိုပေး ရမှာပေါ့နော် နေရာချပေးရမှာပေါ့ အရင်တုန်းကအတိုင်းပဲ ဒီ SD က လူဟောင်းရော လူသစ်ကော ပေါင်းထားတာ အဲ့ဒါ ၁၅ ယောက်လေ"

လာမည့်ဆွေးနွေးပွဲမှာ အစိုးရအနေနဲ့ စစ်တပ်ကတင်ပြထားတဲ့ ၁၄ အပေါင်း ၁ လို့ ပြောနေတဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးထားတဲ့ ၁၄ ဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စနဲ့ တိုင်းရင်းသားတွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့က အားလုံးပါဝင်ရေးမူအပေါ် အဓိက ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အခုရက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း သီးခြားတွေ့ဆုံ တာတွေ နောက်ပြီး ဝန်ကြီးဦးအောင်မင်းနဲ့ သီးခြား တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတာဟာလည်း တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အားလုံးပါဝင်ရေးမူ အဆင်မပြေဖြစ်ရင် အစိုးရရဲ့ ဒုတိယ စီမံချက် ဖြစ်တဲ့ အပစ်ရပ် သဘောတူစာချူပ် လက်မှတ်ရေး ထိုးလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနည်းစုနဲ့ စုပေါင်းလက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းနေ တာ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အသိုင်းအဝိုင်းကြားမှာ ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။