ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကော်မရှင်ကို ဦးဆောင်


2016.08.24
kofiannan-620.jpg ကုလသမဂ္ဂ အတွင်းရေမှူးချုပ် (ဟောင်း) ကိုဖီအာနန် Kofi Annan ကိုတွေ့ရစဉ်
Photo: Wikimedia

ကုလသမဂ္ဂ အတွင်းရေမှူးချုပ် (ဟောင်း) ကိုဖီအာနန် Kofi Annan ဥက္ကဌ အဖြစ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဖွဲ့စည်း လိုက်ပါတယ်။

ကမ္ဘာက အသိအမှတ်ပြုတဲ့ Kofi Annan လို ခေါင်းဆောင်မျိုးက ကော်မရှင်မှာ ဦးဆောင်မှာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အရေးကိစ္စကို ကမ္ဘာက ပိုပြီးနားလည်လာနိုင်မယ်လို့ ယုံကြည်ကြောင်း အဲဒီကော်မရှင်မှာ အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါ်စောခင်တင့် က ပြောပါတယ်။

"အန်တီတို့ဖက်က ဘယ်လောက်ပဲ နိုင်ငံတကာကို ပြောခဲ့ပြောခဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးက အန်တီတို့အပေါ်မှာ နားလည်မှုလွဲနေတာ တေ့ွရပါတယ်။ ကိုဖီအာနန်လို တကယ့်ကို သမာသမတ်ကျတဲ့ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ အန်တီတို့ဖြစ်နေတဲ့ တကယ့်အကြောင်းအရာကို မှန်မှန် ကန်ကန် တွေ့ခွင့်ရမယ်၊ အန်တီတို့ဖက်က အကြံပေးခွင့်ရမယ်ဆိုရင် ပိုပြီးနားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ဒေါ်စောခင်တင့်က ပြောတာဖြစ်ပါတယ်။

အဲ့ဒီအကြံပေးကော်မရှင်မှာ ကိုဖီအာနန် အပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း ဂါဆန်ဆလမ်နဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးဟောင်း မစ္စလတ်တီတီရာ ဗန်ဒန် အာဆမ် တို့လည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

အဖွဲ့ဝင်တွေထဲမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ၊ ငြိမ်းချမ်း မေတ္တာအဖွဲ့(မြန်မာနိုင်ငံ) တည်ထောင်သူ ဦးအေးလွင်၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအသင်း(ရန်ကုန်) ဥက္ကဌ ဒေါ်စောခင်တင့်၊ မြန်မာနိုင်ငံ ဆရာဝင်များအသင်း အဖွဲ့ဝင် ဒေါက်တာမြသီတာ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေတို့ ပါဝင်ပါတယ်။

ကော်မရှင်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တစ်နှစ်အတွင်း အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ရေးရာ အကြံပေး ကော်မရှင်ဖွဲ့စည်းဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနဲ့ ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့လည်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီကော်မရှင်ဟာ ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ့် ရေရှည်နည်း လမ်းကောင်းတွေကို ရှာဖွေရမှာဖြစ်ပြီး သက်ဆိုင်သူတွေ၊ နိုင်ငံတကာကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံဆွေးနွေး သုံးသပ် ရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် လုံခြုံရေးနဲ့ အခြေခံအခွင့်အရေးတွေ ပေးနိုင် ဖို့၊ လူသားချင်းစာနာထောက်မှု နဲ့ ဖံ့ွဖြိုးတိုးတက်ဖို့တွေကို စဉ်းစားရမယ်လို့လည်း ပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြိုတင်ကာကွယ်ရေး၊ ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး ကိစ္စတွေကိုလည်း အကြံပြုတင်ပြရမှာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။