လိပ်ကျွန်းအမှုအယူခံအတွက် ထိုင်းရှေ့နေတွေ လျှောက်လဲ ချက်ပေးဖို့ ပျက်ကွက်


2016.11.11
kohtao-myanmar-620.jpg ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်
.

စွပ်စွဲခံ မြန်မာအလုပ်သမားတွေဘက်က အယူခံတင်ထားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမားတွေ အမှန်တကယ် အပြစ်ရှိကြောင်းကို လျှောက်လဲချက်ပေးဖို့ မနေ့က နောက်ဆုံးသတ်မှတ် ရက်ဖြစ်ပေမယ့် ထိုင်းအစိုးရရှေ့နေတွေဘက်က ပျက်ကွက်ခဲ့ပါတယ်။

တခြားတရားရုံးတစ်ခုခုမှာ ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရှေ့နေတွေက အယူခံတင်သွင်းခဲ့သလားဆိုတာကို တရားသူကြီးက ဒီကနေ့ စစ်ဆေးမှာဖြစ်တယ်လို့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင် ဦးအောင်မျိုးသန့်က ပြောပါတယ်။

"မနေ့က ၁၀ ရက် ၁၁ လ ၂၀၁၆ မှာ ကျွန်တော်တို့တင်တဲ့ အယူခံနဲ့ ပတ်သက်လို့ ထိုင်းအစိုးရရှေ့နေ ဘက်ကနေ ထုချေလျှောက်လဲချက် တင်ရမှာပါ။ ဒါပေမဲ့ မနေ့က ညနေ ၅ နာရီအထိ တင်ခဲ့တာမရှိပါဘူး။ အဲ့ဒီတော့ တရားသူကြီးကနေပြီးတော့ ၁၁ ရက် ၁၁လ ၂၀၁၆ ရက်နေ့မှာ အစိုးရရှေ့နေဘက်ကနေ တရားရုံးဌာနတစ်ခုခုကို တင်ခဲ့သလားဆိုတာကို စစ်ဆေးပါဦးမယ်ပေါ့လေ။ အဲ့လို စစ်ဆေးလို့မှ မရှိဘူး ဆိုရင် နောက်အပတ်ထဲမှာ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ အမှတ် ၈ ရှေ့နေချုပ်ရုံးကို စာပို့ပြီးတော့ ဒီအယူခံမှာ ထိုင်းရှေ့နေဘက်ကနေ နောက်ဆုံးလျှောက်လဲချက်ပေးပို့ အကြောင်းကြားမယ်လို့ ပြော ပါတယ်။"

တကယ်လို့ ထိုင်းအစိုးရရှေ့နေတွေဘက်ကနေ မြန်မာအလုပ်သမား ၂ ယောက်မှာ အပြစ်ရှိကြောင်း မထောက်ပြနိုင်ဘူးဆိုရင် အလုပ်သမား ၂ ယောက်အတွက် ကောင်းနိုင်တဲ့အလားလာရှိတယ်လို့ ပြောပါတယ်။

လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီအနေနဲ့ကတော့ စာမျက်နှာ ၃ ထောင်လောက်ပါတဲ့ အမှုသုံးသပ်ချက် အစီရင်ခံစာကိုလည်း တရားရုံးကို တင်ပြထားတယ်လို့ သိရပါတယ်။

အရင်တင်ခဲ့တဲ့ အယူခံ ၈ ကြိမ်မှာတော့ လူသတ်မှု တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ လူသတ်မှုကို အမှန်တကယ် ကျုးလွန်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထားတွေကို မတွေ့ရဘူးလို့ လိပ်ကျွန်းအမှု အထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။