ဦးကိုနီ လုပ်ကြံမှုမှာ ပါဝင်သူ ၄ ဦးကို ရုံးထုတ်


2017.03.24
koni-murder-620.jpg ဦးကိုနီ လုပ်ကြံမှုမှာ ပါဝင်သူ ၄ ဦးကို မတ်လ ၂၄ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး ၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံး မှာ ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့မှာ အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ကို လက်နက်မှုနဲ့ အမှုဖွင့်ထားတဲ့ တရားလိုဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်က ရဲစခန်းမှူး ဒုရဲအုပ် မြထွန်းကျော်ကို စတင်ဆေးခဲ့တယ်လို့  မြောက်ပိုင်းခရိုင်တရားရုံးက  သတင်းပြန်ကြားရေး အရာရှိဖြစ်တဲ့ ဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။

"လက်နက်ဥပဒေ ၁၉ (ဃ) ၁၉ (စ)နဲ့ တရားစွဲထားတယ်၊ အဲဒီမှာ တရားခံ ၂ ယောက်ပဲပါတယ်၊ တရားခံ ဦးကြည်လင်းရယ် ဦးအောင်ဝင်းဇော်ရယ် ၂ ယောက်၊ တရားခံတွေကလည်း သိပြီးပြီ၊ အဲဒီအမှုမှာ ဒီနေ့ ဒုရဲမှူး မြထွန်းကျော် တရားလိုပေါ့နော်၊ မင်္ဂလာဒုံမြို့နယ်က ရဲစခန်းမှူး ဒုရဲအုပ် မြထွန်းကျော်ကို စစ်ဆေး ပါတယ်၊ ဒီနေ့ လူသက်သေ ၁ ယောက်ပဲစစ်ပါတယ်နော်၊ ရုံးချိန်းကတော့ နောက်တစ်ပတ် သောကြာပေါ့"

တရားခံ ၄ ဦးစလုံးကို ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၄ အားပေးကူညီမှု၊ ပုဒ်မ ၂၁၂ ပြစ်မှုကျူးလွန်သူကို ကူညီမှုတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီအထဲက အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ကို လက်နက်မှုနဲ့ပါ တရားစွဲဆိုထားတာပါ။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

လုပ်ကြံမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အခုလို တရားစွဲဆိုတာဖြစ်ပေမယ့် အမှုမှာ အဓိက ပါဝင်ပတ်သက်သူလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ အောင်ဝင်းခိုင်ကိုတော့ အခုအချိန်အထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

အဲဒီ အမှုမှာ သက်သေ ၈၀ ကျော်လောက်ပါဝင်မှာပြီး ဆက်လက်စစ်ဆေးဖို့ကို နောက်လာမယ့် သောကြာနေ့ မတ်လ ၃၁ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။