စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရ၊ အိမ် ၃ လုံး မီးလောင်


2018.01.15
kyaukme-fire-622.jpg ကျောက်မဲမြို့ကို ထွက်ပြေးလာတဲ့ ကြက်သေရွာသားတွေရဲ့ မီးရှို့ခံထားရတဲ့ နေအိမ်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ဦးကောရိယ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကြက်သေရွာမှာ နေအိမ်အားလုံးနီးပါး ဖောက်ထွင်းခံထားရပြီး အိမ် ၃ လုံးက မီးရှို့ခံထားရတယ်လို့ ကြက်သေရွာက ဆရာတော်တစ်ပါးက ဒီနေ့ မိန့်ပါတယ်။

ဒီနေ့ မနက်မှာ သွားရောက်ကြည့်ရှုရာ တွေ့မြင်ခဲ့ရတာတွေကို ဆရာတော်တစ်ပါးက အခုလို မိန့်ပါတယ်။

"အိမ်တိုင်းက ဆန်စပါးတွေ ဘာမှမရှိတော့ဘူး၊ ပိတ်ထားတဲ့ ပြတင်းပေါက်တွေ ဖွင့်ပစ်လိုက်တယ်၊ ကုန်စုံဆိုင်တွေလည်း မှန်ဘီဒိုတွေ အကုန်ခွဲပစ်လိုက်တယ်"

ဒီနေ့နေ့လယ်က တပ်မတော်အရာရှိ ၃ ဦး၊ ရဲအရာရှိ တစ်ဦးနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာ နေအိမ်မီးလောင်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က လုပ်ဆောင်တာ မဟုတ်ကြောင်း ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက အခုလို ပြောပါတယ်။

"မီးလောင်သွားတဲ့ကိစ္စပေါ့၊ သူတို့မလုပ်ပါဘူးဆိုတဲ့အကြောင်း ရှင်းကြတာပေါ့၊ တပ်အနေနဲ့ လုံးဝမလုပ်ဘူးပေါ့၊ သက်သေအထောက်အထား ခိုင်ခိုင်မာမာရှိတယ်၊ အဲညမှာ မိုင်းခွဲတယ်တဲ့ မိုင်းခွဲပြီး လက်နက်ကြီးလည်း ကြားရတာပေ့ါ၊ အဲဒါသူတို့လုံးဝမလုပ်ပါဘူးပေါ့"

ရှင်းလင်းပွဲ တက်ရောက်လာသူတွေကို လက်မှတ်ရေးထိုးခိုင်းတယ်လို့လည်း ဆိုပါတယ်။

အဲဒီကိစ္စအတွက် RFA က ကျောက်မဲဗျူဟာနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကြက်သေရွာမှာ အိမ်ခြေ ၈၀ လောက်ရှိပြီး လူဦးရေ ၅၀၀ ဝန်းကျင်ရှိပါတယ်။ ကျေးရွာအတွင်း နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က တပ်မတော်နဲ့ TNLA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ပေါ်ကို ဒီဇင်ဘာလ ၃၀ ရက် နဲ့ ၃၁ ရက်နေ့တို့မှာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။