ကျောက်ဖြူစီးပွားရေးဇုန်ကိစ္စ ဒေသခံတွေဆန္ဒကို အလေးအနက်ထားကြောင်း သမ္မတပြော


2017.12.15
kyaukphyu-economy-zone-622.jpg ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တေ့ွရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ကျောက်ဖြူ  အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ဆန္ဒသဘောထားကို အလေးထားပြီးတော့ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့မှာကျရောက်တဲ့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့တဲ့သဝဏ်လွှာကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒီနေ့မနက်ကပြုလုပ်တဲ့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဖတ်ကြားခဲ့တာဖြစ်ပါတယ်။

"ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးပါသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား သက်ရောက်နိုင်မှုတို့ကို အလေးထားသုံးသပ်ပြီး စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါသည်"

ဒါပေမဲ့ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက ဒေါ်ကြည်ကြည်နှင်း ကတော့ ကျောက်ဖြူအ ထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ဆောင်ရွက်ချက်တွေကို ဒေသခံတွေ သိရှိအောင် ချပြတာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။

"ကျမတို့သိရသလောက်ကလေ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့မှ သူတို့လေ့လာသုံးသပ် တယ်။ ကော်မတီဖွဲ့စစ်ဆေးတယ် ဘာတွေတွေ့လဲ၊ ဘာတွေဘယ်လိုလုပ်ဆောင်မတုန်း သဘာဝ ပတ်ဝန်းကျင်ကို ဘယ်နည်းနဲ့ ထိန်းမယ်ဆိုတာလည်း သူတို့ လူထုကိုချပြတာ ကျမလည်း မတွေ့သေး ဘူးရှင့်။ နောက်ဆုံးသိရတဲ့ အခြေအနေက ဟိုတလောတုန်းကလည်း သူတို့ဝန်ကြီးတွေလာ တယ်။ မြေဈေးနဲ့ပတ်သက်ပြီးတော့မှ ဒေသခံတွေက ၈၀၀ တောင်းတယ်။ တစ်ဧက ကို။ သူတို့ကလည်း ဘာမှတော့ မပြောဘူး။ ဧက ၄၀၀၀ ကျော်မှာ လျော်ကြေးရယ်လို့တော့ မဟုတ်ဘူး။ လောလော ဆယ် လျော်ကြေးမပေးရသေးပါဘူး။"

နိုင်ငံတော်သမ္မတက ပေးပို့တဲ့ သဝဏ်လွှာမှာ မောင်တောဒေသ ကညင်ချောင်းစီးပွားရေးဇုန်ကို အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သလို ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း အလေးပေးဆောင်ရွက်နေတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရေးအတွက် UNESCO နဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ပြဌာန်းပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒခံယူပွဲစတင်ကျင်းပခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေမြို့မှာ ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။