သရုပ်ဆောင် ကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရပြီ

ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံထားရတဲ့ အကယ်ဒမီ မင်းသားကျော်သူဟာ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ပြန်လည်သရုပ်ဆောင်ခွင့်၊ ရိုက်ကူးခွင့် ရှိသွားပြီလို့ သိရပါတယ်။

2012.05.11
kyaw_thu_image_305px ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ပုံတူရုပ်တုနှင့် သူရေးသားသောစာစု (Photo: RFA)
(Photo: RFA)

မင်းသားကျော်သူအပေါ် ရုပ်ရှင်ရိုက်ခွင့် ငါးနှစ်ပိတ်ပင်ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေးဌာနကို ပြီးခဲ့တဲ့လ ၂၃ ရက်နေ့ ရက်စွဲနဲ့ တရားဝင် မေးမြန်းခဲ့ပြီးတဲ့နောက် ဧပြီလ ၂၉ ရက်နေ့မှာ အကြောင်းပြန်စာကို ရရှိခဲ့ပါတယ်။

အဲဒီစာမှာ မင်းသားကျော်သူကို ရုပ်ရှင်ရိုက်ကူးခွင့် တရားဝင် ပိတ်ပင်ထားတာမျိုး မသုံးနှုန်းဘဲ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မင်းသားကျော်သူရဲ့ ဇာတ်လမ်းတို ရုပ်ရှင်ကို လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ပြန်လည် ခွင့်ပြုပြီးသား ဖြစ်တယ်လို့ ဖော်ပြခဲ့ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အာအက်ဖ်အေကို အခုလို ပြောဆိုပါတယ်။

" မြန်မာနိုင်ငံ အစည်းအရုံးအနေနဲ့ ကျွန်တော်ကပဲ ဦးကျော်သူဆီကို စာထုတ်ပါတယ်။ ဦးကျော်သူရဲ့ အနုပညာကိစ္စတွေ ကျွန်တော်တို့မေးမြန်းခဲ့တဲ့ အကြောင်း၊ အခုပြန်ကြားစာနဲ့ ပြန်ကြားလာတဲ့ အကြောင်း၊ ပြန်ကြားစာမှာ ပိတ်ဆို့ထားခြင်း ရှိမရှိကို တိတိကျကျ ပြန်ဖြေထားခြင်းမရှိသော်လည်း ဦးကျော်သူရဲ့ ဇာတ်ကား နှစ်ကားခွင့်ပြုခဲ့တယ် ဆိုတဲ့အတွက် ဦးကျော်သူကို အနုပညာလုပ်ငန်းများ ပိတ်ဆို့ခြင်းမရှိတော့ဟု ယူဆနိုင်ဖွယ်ရှိပါကြောင်း၊ သို့အတွက် ဦးကျော်သူအနေနဲ့ အနုပညာလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိပြီဆိုတာရယ်၊ အကယ်၍ ပိတ်ဆို့မှု ရှိလာခဲ့ရင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကနေပြီးတော့မှ ဝင်ရောက် ဖြေရှင်းပေးပါ့မယ်လို့ စာပြန်ထုတ်ပေးတာပါ ခင်ဗျ"

ဒါကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ မင်းသားကျော်သူကို ရုပ်ရှင်ရိုက်ခွင့်ကို မေလကစပြီး ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

နယူးယောက်မြို့မှာ ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်ဆု အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ မင်းသား ကျော်သူကတော့ သူ့ကိုပိတ်ပင်ခဲ့တဲ့ ငါးနှစ်စာ နစ်နာမှုတွေ ရှိခဲ့ကြောင်း အခုလို ပြောပြပါတယ်။

" ဒါကောင်းပါတယ်။ သို့သော် ဒါရုပ်ရှင်အစည်းအရုံး အနေနဲ့က ဒီရိုက်ခွင့်ရရေး မရရေးထက် ကျွန်တော် ဒီရှေ့တုန်းက ကျွန်တော် ငါးနှစ်ရှိပြီပေါ့လေ၊ ၂၀၀၇ စက်တင်ဘာလနေစပြီး ငါးနှစ်အပိတ်ခံထားရတာ၊ ဒါဘုန်းကြီးဆွမ်းကပ်တာနဲ့ အပိတ်ခံရတဲ့ ကိစ္စ၊ အဲတာကို နစ်နာကြေးဘယ်လိုလုပ်မလဲ၊ နစ်နာမှုကို ဘယ်လိုရှင်းပေးမလဲဆိုတာ အဲတာကို သူတို့အနေနဲ့ လုပ်သင့်တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့၊ ဒါ ကျွန်တော်အကြံပေးတာပါ"

မင်းသားကျော်သူဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့တာကြောင့် စစ်ဆေးမေးမြန်းခံရပြီးတဲ့နောက် ရုပ်ရှင်ရိုက်ခွင့်လည်း ပိတ်ပင်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။