ကျုံပျော်မှာ အန်အယ်လ်ဒီပါတီဝင် ၁၀၀ နီးပါး နှုတ်ထွက်


2015.08.19

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကရွေး ချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်က ခရုရိုးကျေးရွာ ပါတီဥက္ကဌနဲ့ ပါတီဝင် ၁၀၀ နီးပါးက ပါတီကနေ နှုတ်ထွက်လိုက်ကြပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို လက်မခံနိုင်ကြောင်း ပါတီဗဟိုထံ စာတင်ပြခဲ့ပေမယ့် ဖြေရှင်းမပေးတဲ့ အတွက် နှုတ်ထွက်တာဖြစ်တယ်လို့ ကျုံပျော်မြို့နယ် ခရုရိုးကျေးရွာ အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။

"ဘာလို့ထွက်လည်းဆိုတော့ အမတ်လောင်းကိုမကြိုက်လို့ပေါ့၊ ဘာလို့မကြိုက်လည်း ဆိုတော့ သူ့မှာ ပုဂ္ဂိုလ်ရေးရော၊ အမတ်လောင်းရော အားလုံး အားနည်း ပါတယ်၊ ပညာရေးလည်းအားနည်းပါတယ်၊ အဲ့ဒါကြောင့်ကျနော်တို့မကြိုက် တာပါ၊ တိုင်စာတင် ထားပါတယ်၊ ဗဟိုထိ၊ ဒီနေ့ထိဘာမှမထူးခြားပါဘူး"

ကျုံပျော်မြို့နယ် အန်အယ်လ်ဒီပါတီ လူငယ်တာဝန်ခံတစ်ဦး၊ ခရုရိုးကျေးရွာ ပါတီ ဥက္ကဌနဲ့ ရပ်ကျေးပါတီဝင် ၁၀၀ နီးပါးက ပါတီထံ နှုတ်ထွက်စာတင်လိုက်တာပါ။

အန်အယ်လ်ဒီပါတီဗဟိုရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို မကျေနပ်တာကြောင့် မြို့နယ်အတော်များများ မှာ နှုတ်ထွက်သူတွေ ပါတီရုံးချုပ်ဗဟိုကို ဆန္ဒပြတာတွေ ရှိနေပြီး၊ အဲဒီလိုကန့်ကွက်ဆန္ဒပြသူတွေကို ပါတီဗဟိုက ထုတ်ပယ်တာတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။