လက်ပံတောင်းဒေသခံ ၄ ဦး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ


2017.07.02
lapadaung-conflict-620.jpg ဝမ်ပေါင်ကုမ္ပဏီရှေ့ကို သွားရောက်ဆန္ဒပြကြမဲ့ ဒေသခံတွေကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးနေစဉ်
Photo: Tint Aung Soe Facebook

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီ ကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့တဲ့ ဒေသခံတွေထဲက ၄ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည် ခွင့် ဥပဒေပုဒ်မ ၁၉ နဲ့ ဆားလင်းကြီးမြို့မ ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ဆားလင်းကြီးမြို့မ ရဲစခန်းက ဆင့်ခေါ်စာကို မနေ့ညနေက ရရှိတာဖြစ်တယ်လို့ အမှုဖွင့်ခံထားရသူတွေထဲက မစန္ဒာက ပြောပါတယ်။

"မနေ့ညနေက ဒေါ်အမာချို တို့အိမ်ကို ဆားလင်းကြီး ဒုရဲအုပ်ကိုယ်တိုင် လာပို့သွားတာပါရှင့်။ သူတို့ ကတော့ ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲထား တယ်ပေါ့နော်။ ကျမတို့က အမှန်တရား၊ ကျမတို့မြေသိမ်းခံရလို့ ကျမတို့ စိုက်ပျိုးခွင့်မရလို့ သီးနှံနစ်နာကြေးတောင်းတယ်။ အစီရင်ခံစာ မလိုက်နာလို့ ဒေသခံတွေ ဆုံးရှုံးမှာတွေ နစ်နာမှာတွေ ထိခိုက်မှာတွေ မြင်လို့မို့လို့ ကျမတို့က တောင်းဆိုတယ်။ ကျမတို့ အမှန်တရားအတွက် တောင်းဆိုတာကို ကျမတို့ အမှားမလုပ်ဘူး။ အမှားမလုပ်တဲ့အတွက် ဥပဒေက မတရားတဲ့ဥပဒေဖြစ်တဲ့အတွက် ကျမတို့က ဥပဒေကို လုံးဝရင်ဆိုင်စရာမလိုဘူးလို့ ဆုံးဖြတ်ထားတယ်"

ဆန္ဒပြတဲ့အထဲမှာ ခေါင်းဆောင်အဖြစ် ပါဝင်တဲ့ မမာချို၊ မစန္ဒာ၊ မရီဝင်းနဲ့ ကိုခင်ငြိမ်းတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၆ ရက်နေ့က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစီရင်ခံစာအတိုင်း လိုက်နာမှုမရှိလို့ ဆိုပြီး ဒေသခံ အယောက် ၁၅၀ လောက်က ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။