ကျောင်းသားတွေ လွှတ်ပေးရေး တောင်းဆို ဆန္ဒပြသူ ၄ ဦး တရားစွဲခံရ


2016.01.16
students-tharyarwaddy-court-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင်တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကို လွှတ်ပေးဖို့ ပြီးခဲ့တဲ့နှစ် မတ်လက အင်းလျားကန်ဘောင်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုဒီငြိမ်းလင်း၊ ကိုသီဟမောင်မောင်၊ ကိုသက်ဆွေဝင်းနဲ့ ကိုမိုသွေးတို့လေးဦးကို လှိုင်မြို့နယ်ရဲစခန်းက ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

လှိုင်မြို့နယ်ရဲစခန်းက ဒီနေ့ ဖုန်းဆက်အကြောင်းကြားလာတာဖြစ်ပြီး ဆင့်ခေါ်စာပေးပို့တာ မရှိသေးဘူးလို့ တရားစွဲဆိုခံရသူတစ်ဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

"ကျနော်တို့အထဲမှပါတဲ့ ကိုသီဟမောင်မောင်ကို ဖုန်းဆက်အကြောင်းကြားထားတာလည်း ရှိသေးတယ်ဗျ၊ တရားပြန်စွဲထားတယ်ပေါ့လေ၊ ကျနော်တို့ ၄ ယောက်ကို တရားစွဲထားတယ်ဆိုတဲ့ အဆင့်ပဲရှိသေးတယ်ဗျ၊ စာပို့တာကတော့ ဒီနေ့ညလောက်မှာ ဒါမှမဟုတ် မနက်ဖြန်လောက်မှာ သူတို့ စာပို့မယ်လို့ပဲ ပြောထားတာပါ၊ တရားရုံးမှာဆင့်ခေါ်ရင် ဘယ်နေ့ဘယ်ရက်ကို ကျနော်တို့ သွားပြီးရင်ဆိုင်ရုံပဲရှိတာပေါ့"

ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ဖို့အတွက် ဆန္ဒပြသူတွေဟာ ခွင့်ပြုထားတဲ့ တာမွေမြို့နယ်က ဟစ်တိုင်ကွင်းမှာ မဟုတ်ပဲ အင်းလျားကန်ဘောင်မှာ စုဝေးတောင်းဆိုခဲ့ကြတဲ့အတွက် တရားစွဲဆို ခံရတာ ဖြစ်ပါတယ်။

အင်းလျားကန်ဘောင်ရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် လှိုင်မြို့နယ် ရဲစခန်းက လာရောက်တားမြစ်မှုတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ကျောင်းသားကျောင်းသူ ၅ဝ ကျော်ဟာ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။