ဒေသခံတွေထံက ပစ္စည်းတွေ လုံးခင်းရဲတပ်ဖွဲ့ဝင်တွေသိမ်းယူ

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု လုံးခင်း နဲ့ မှော်စီစာရွာကြားမှာရှိတဲ့ လုံးခင်းဆက်သွယ်ရေး တာဝါတိုင် လုံခြုံရေးရဲကင်း နားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီခန့်က လုံခြုံရေးအင်အား ၂၀ လောက်က ဒေသခံပြည်သူ ၄၀ လောက်ကို တာဝန်အရ စစ်ဆေးတယ်ဆိုပြီး သူတို့မှာပါလာတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်၊ ဟန်းဖုန်းကအစ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

2013.01.31

လုံးခင်းကနေ သာယာကုန်း ကျေးရွာဘက်အသွား လုံးခင်းကျေးရွာနဲ့ တစ်မိုင်အကွာ ဂေါက်ကွင်းအနီးမှာ ဒေသခံ ပြည်သူတွေကို အချိန်သုံးနာရီကြာတဲ့အထိ မြေပြင်မှာဝမ်းလျားမှောက် ရိုက်နှက်စစ်ဆေးပြီး ပစ္စည်းတွေ ယူသွားတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆိုင်ကယ်စီးရင်းနဲ့ ကားလမ်းပေါ် မှောက်ဆိုလို့ မှောက်လိုက်တယ်၊ ၈ နာရီကျော်ကနေ ၁၁ နာရီ ၄၀ ထိ မှောက်ရတယ်၊ ပြီးတော့ ဆွဲကြိုးတွေ၊ ဓာတ်မီးတွေရယ် ပိုက်ဆံ နှစ်သောင်းပေးခဲ့ရတယ်၊ ကျွန်တော်တို့ ခေါင်းမော့လို့မရဘူး၊ တုတ်နဲ့လည်းရိုက်တယ်၊ ရှိသမျှပစ္စည်းတွေလဲ အကုန်လုံးယူသွားကြတယ်"

ဒီလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို တစွန်းတစ ကြားနေရပေမယ့် ကာယကံရှင်တွေ ကိုယ်တိုင်က လာရောက် တိုင်ကြားတာမျိုး မရှိသေးတဲ့အတွက် အဲဒီကိစ္စကို အတိအကျ မပြောနိုင်ဘူးလို့ အခုလို ဖြေကြားခဲ့ပါတယ်။

"အသံတွေတော့ ကြားနေရတယ်၊ စုံစမ်းကြည့်တော့ ဘာမှဖြစ်တာမရှိဘူး၊ ဘယ်သူကမှ ကျွန်တော်တို့ ဒီလိုဖြစ်တယ်လို့ သက်သေနဲ့ လာမပြောကြဘူး၊ မျက်မြင်ရှိတယ်ဆိုရင်တော့ တမျိုးပေါ့ ကောလဟာလဆိုတော့ အတိအကျပြောလို့ကို မရဘူးဖြစ်နေတယ်"

လုံထိန်းတပ်ဖွဲ့ဟာ တာဝန်အရပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းရတာလို့ ဒေသခံတွေကို ပြောကြားခဲ့ပြီး ပစ္စည်းတွေကို နောက်နေ့ ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ်တမ်း ဒေသခံတွေ သွားပြန်ယူတဲ့အခါမှာ အဲဒီလုံထိန်းတပ်ဖွဲ့က ပစ္စည်းတွေပြန်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။