လက်ပံတောင်းဒေသခံတွေ၊ ဝန်ကြီးချုပ်နဲ့ ကုမ္ပဏီတာဝန်ရှိ သူတွေ တွေ့ဆုံမည်


2017.02.22
lpt-wanbao-620.jpg ဝမ်ပေါင်က ကြေးနီသယ်တဲ့ယာဉ်တွေကို တားဆီးပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လက်ပံတောင်းဒေသခံတွေ ဆန္ဒပြကြစဉ်
ဓါတ်ပုံ - စိုးလွင်ဦး

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက ကြေးနီတွေကို သယ်ယူနေတဲ့ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီယာဉ်တွေကို တားဆီးဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေ တွေ့ဆုံနိုင်ဖို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ ညှိနှိုင်းပေးခဲ့ပါတယ်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဆုံးဖြတ်ချက် ချပေးနိုင်မယ့် ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေး သွားမှာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင် က ပြော ပါတယ်။

"ဒီနေ့မှာ ကျနော်တို့ ညှိနှိုင်းလိုက်တဲ့အခါ စနေနေ့ ၉ နာရီမှာ တွေ့ဆုံမယ်ဆိုတဲ့ အဖြေရတာပေါ့။ ဝန်ကြီးချုပ်ရယ်၊ ကုမ္ပဏီက ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ရယ်၊ ကျွန်တော်တို့ ဌာနဆိုင်ရာအကြီးအကဲ မြို့နယ် AD တို့ပေါ့၊ ခရိုင်က DC ၊ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့၊ ဒေသခံထဲက ၂ ယောက် ၃ ယောက်ပေ့ါနော် တစ်ရွာစီက အဲ့ဒီလိုတွေ့ဆုံဖို့ အစီစဉ်ဆွဲလိုက်ပြီ "

လာမယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံပွဲပျက်သွားမှာ စိုးရိမ်တဲ့ဒေသခံတွေ က ကြေးနီသယ်တဲ့ယာဉ်တွေကို ဖြတ်သွားခွင့်မပေးသေးဘဲ ဆက်လက်တားဆီးထားဆဲဖြစ်တယ်လို့ မိုးကြိုးပြင် အလယ်ရွာက ကိုလပြည့် က ပြောပါတယ်။

"ဝန်ကြီးချုပ်က ခရီးထွက်နေလို့ပေါ့။ အဲဒါကို ဝန်ကြီးချုပ်ပြန်လာရင် စနေနေ့မှာ မုံရွာမြို့တိုင်းရုံးမှာ တွေ့ဆုံပေး မယ်ပေါ့။ကြေးကားတွေ လွှတ်ပေးပါလို့ပြောတယ်။ ဒါပေမဲ့ဒေသခံတွေက ပထမတစ်ကြိမ်တုန်းကလည်း အလိမ်ခံခဲ့ပြီးသွားပြီး။ ပထမတစ်ကြိမ်တုန်းကလည်း တွေ့ခွင့်ပေးပါမယ်လို့ ကြေးကားကို လွှတ်လည်း လွှတ်ပေးလိုက်ရော ဆားလင်းကြီးကို သွားလည်းသွားရော တစ်ယောက်မှကို မတွေ့ဘူး။ ဘယ်သူနဲ့ မှ တွေ့ခွင့်မရဘူး။ ကျွန်တော်တို့က အဲ့လိုမျိုးတွေပေါ့နော် ခဏခဏ အလိမ်ခံနေရတော့ တကယ်တမ်း ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူ သီးနှံလျော်ကြေးပေးမယ်ဆိုရင် လွှတ်ပေးမယ်။"

လက်ပံတောင်းတောင် စီမံကိန်းကြောင့် မြေယာတွေ အသိမ်းခံလိုက်ရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်နဲ့ တုံရွာက ဒေသခံ တစ်ရာလောက်က မနေ့ကစပြီး ဆားလင်းကြီး- ညောင်ပင်ကြီး ကားလမ်းမပေါ်မှာ ကြေးနီသယ်တဲ့ ယာဉ်တွေကို တားဆီးထားတာဖြစ်ပါတယ်။

ဒေသခံတွေဟာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အထဲမှာ ပါသွားတဲ့ မြေဧက ၂၀၀၀ ကျော်အတွက် သီးနှံလျော်ကြေးပေးဖို့ အဓိကတောင်းဆိုနေ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။