သံဃာနဲ့ သီလရှင်တွေ ဘာသာပေါင်းစုံ ဆုတောင်းပွဲ မကြွကြဖို့ မဟန တားမြစ်မည်


2017.11.12
multi-religious-nld-622.jpg ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းမှာ အောက်တိုဘာလ ၁ဝ ရက်နေ့ကကျင်းပခဲ့စဉ်
Photo: Thant Zin Oo/RFA

ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ရဟန်းသာမဏေတွေ၊ သီလရှင်တွေ မကြွရောက်ဖို့ နိုင်ငံတော် သံဃာ့မဟာနာယက မဟန အဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်တားမြစ်သွားမှာဖြစ်ကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ဒီနေ့ ပြောပါတယ်။

ဘာသာပေါင်းစုံတောင်းပွဲတွေမှာ တခြားဘာသာဝင်တွေနဲ့ပေါင်းပြီး လူပုဂ္ဂိုလ်တွေနဲ့ ရဟန်းသံဃာတွေ ရောထွေးနေတာဟာ ထေရဝါရ ဗုဒ္ဓဘာသာရဲ့ ဝိနည်းတရားတော်တွေအရ သာသနာ့စည်းမျဉ်းတွေနဲ့ ညီညွတ်မှု မရှိတာကြောင့် နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော်တွေက တားမြစ်ရတာ ဖြစ်တယ်လို့ RFA က ဆက်သွယ်မေးမြန်းရာမှာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် က ပြောပါတယ်။

"ဒီဟာက ဘာသာပေါင်းစုံဆုတောင်းပွဲတွေက တခြားဘာသာဝင်တွေနဲ့ပေါင်းပြီး လူပုဂ္ဂိုလ်တွေနဲ့ ရောထွေးပြီး လုပ်တဲ့ဟာဖြစ်တဲ့အတွက် ဝိနည်းစည်းကမ်းတွေနဲ့ မညီညွတ်လို့ပါ။ ကျနော်တို့ ထေရဝါဒရဲ့ ဝိနည်းတရားတော်အရ သာသနာ့စည်းမျဉ်းတွေနဲ့ မညီညွတ်လို့ပါဗျ"

နိုင်ငံတော်သံဃာ့မဟာနာယက မဟန ဆရာတော် ၄၇ ပါး စုံညီအစည်းအဝေးကို မနေ့က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ပြုလုပ်ခဲ့ပြီး အဲဒီစုံညီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ညွှန်ကြားချက်ကိုတော့ လာမယ့် အစိုးရရုံးဖွင့်ရက်တွေမှာ အောက်ခြေသံဃာ့မဟာနာယက အဖွဲ့တွေကို ထုတ်ပြန်လိမ့်မယ်လို့  သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောပါတယ်။

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲမှာ သာမဏေတွေ ကိုရင်တွေက အောက်မှာ ထိုင်ပြီး တခြားဘာသာဝင် လူပုဂ္ဂိုလ်တွေက စင်မြင့်ပေါ်မှာထိုင်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ် သံဃာအဖွဲ့အစည်းတွေက အစီရင်ခံ တင်ပြတာ တိုင်ကြားတာတွေရှိတယ်လို့ ပြောပါတယ်။

ထေရဝါဒ ဗုဒ္ဓဘာသာမှာ ရဟန်းသာမဏေတွေဟာ နိုင်ငံတော် သမ္မတအပါအဝင် နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေက ဦးထိပ်ထား ကိုးကွယ်နေရသူတွေဖြစ်ကြောင်းနဲ့ အဲဒီဘာသာပေါင်းစုံ ဆုတောင်းပွဲတွေမှာ သာမန်လူပုဂ္ဂိုလ်တွေက စင်မြင့်ပေါ်မှာနေပြီး ဘုန်းကြီး ရဟန်းတွေက အောက်မှာနေရတဲ့ အနေအထားဟာ ဗုဒ္ဓဘာသာကို နှိပ်ကွပ်သလို တန်းညှိသလိုဖြစ်နေတာကြောင့် သံဃာ့အဖွဲ့အစည်းက လက်မခံတာလို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြုလုပ်တဲ့ နိုင်ငံတဝှမ်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။