မိတ္ထီလာ အရေးအခင်း စုံစမ်းရေးကော်မရှင်ဖွဲ့

မနေ့က မိတ္ထီလာမြို့ ရွှေဆိုင်တစ်ခုမှာ အရောင်းအဝယ် စကားများကြရာက စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းဟာ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့မှာ ဥက္ကဌအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မျိုး၊ အဖွဲ့ဝင်တွေအဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေး၊ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းနိုင်၊ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်မြင့်နဲ့ အတွင်းရေးမှူးအဖြစ် မိထ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးတို့ ပါဝင်ပါတယ်။

ဖြစ်စဉ်အသေးစိတ် အစီရင်ခံစာကို သီတင်းတစ်ပတ်အတွင်းမှာ ပြန်လည်တင်ပြရမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိတ္ထီလာမြို့မှာ အခုချိန်အထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် မိတ္ထီလာမြို့ကနေ မိုင်တစ်ရာခန့်ဝေးတဲ့ ကျောက်ပန်းတောင်းမြို့မှာလည်း မြို့ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ အာဏာပိုင်တွေက လုံခြုံရေးအင်အား အပြည့်ချထားတယ်လို့ ကျောက်ပန်းတောင်း NLDပါတီဝင် ဦးအေးခိုင်က ဆိုပါတယ်။