ဥပဒေအရ အခြေအနေ ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော


2013.02.27
police_maubin_305.jpg ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုတွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့မြင်ရစဉ်
photo: RFA/ Kyaw Zawe Win

ဧရာဝတီတိုင်းဒေသကြီး၊  မအူပင်မြို့နယ်  မလက်တို ကျေးရွာအုပ်စုမှာ ဒေသခံလယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲခဲ့ရတာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မနေ့က ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၁၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ လယ်သမားတွေဘက်က တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေဘက်က ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဒီကနေ့မနက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး၊ နောက်ထပ် တင်းမာမှုတွေ ဖြစ်ပွားလာပါက အကြမ်းဖက်နှိမ်နင်းဖို့ အစီအစဉ်မရှိဘူးလို့ ဧရာဝတီတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက RFA ကို ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းပြောတာက လက်ရှိအခြေအနေကို ထိမ်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ လယ်သမားတွေရယ်၊ ကုမ္ပဏီပိုင်ရှင်ရယ်၊ လယ်သမားအဖွဲ့တွေရယ်၊ အာဏာပိုင်တွေရယ် ညှိနှိုင်းဆောင်ရွက်မယ်လို့RFA ကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးကနေတဆင့် တင်ပြပြီး ပြဿနာပြေလည်အောင် ဖြေရှင်းမယ်လို့ဆိုပါတယ်။

လယ်သမားတွေကတော့ သူတို့အသိမ်းခံထားရတဲ့ လယ်မြေတွေနားမှာ ဒီနေ့ဆက်လက်ဆန္ဒပြနေပါတယ်။
မလက်တိုကျေးရွာအုပ်စုအတွင်းက လယ်ယာမြေ ဧကပေါင်း ၅၅၀ ကျော်ကို ၂၀၀၄ ခုနှစ်က လျော်ကြေးငွေမပေးပဲ သိမ်းယူခဲ့တာလို့ သိရပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

လယ်သမားတွေအရေးကို ဝိုင်းဝန်းကူညီနေတဲ့ မစုစုနွေး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။