ဆန္ဒပြမယ့် သပိတ်ကျင်းတောင် သူတွေကို ရဲတပ်ဖွဲ့ တားဆီး


2014.08.07

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ဝက်သေကျေးရွာက ကျေးရွာပိုင်မြေတွေ ပြန် လည်ရရှိဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ ဆန္ဒပြမယ့်တောင်သူတွေကို သပိတ်ကျင်းမြို့အဝင်မှာ မြို့နယ်ရဲတပ်ဖွဲ့က တားဆီးထားတယ်လို့ သိရပါတယ်။

ဆန္ဒပြဖို့ အတားခံထားရတဲ့ တောင်သူတွေထဲက ဝက်သေကျေးရွာ မြေပြန်လည်ရရှိရေးကော်မတီ အဖွဲ့ဝင် ဦးလွှမ်းမောင်က အခုလိုပြောပါတယ်။

"ဝက်သေရွာက ရွာသူရွာသား ၂၀၀ ကျော်၊ ကား ၇ စီးနဲ့ ကျနော်တို့က မန္တလေးတိုင်းရုံးရှေ့ကို ဆန္ဒဖော်ထုတ်ဖို့ ကျနော်တို့ ဆင်းလာတာပေါ့ဗျာ၊ အဲ့ဒါကို သပိတ်ကျင်းမြို့နယ် ရဲကင်းကနေပြီးတော့ ၂၀ လောက်ကနေပြီး ကျနော်တို့ ကားလမ်းမရောက်ခင်မှာ ကျနော်တို့ကို ပိတ်ဆို့တားထားတာခင်ဗျ၊ အခုကျနော်တို့ ကားပေါ်ကနေအကုန်လုံးဆင်းပြီးတော့ ကျနော်တို့ လမ်းဘေးမှာ စုပြီးတော့ထိုင်နေကြ တယ်ခင်ဗျ၊ ဒါကိုဖြေရှင်းမပေးမချင်း ကျနော်တို့ ဒီအတိုင်းပဲ ထိုင်နေမှာလို့ ပြောထားပါတယ်ခင်ဗျ၊ သူတို့ကတော့ ခွင့်ပြုမိန့်တင်ပြီးမှ လုပ်ပါဘာညာနဲ့ ပြောနေတာပဲ၊ ကျနော်တို့က ခွင့်ပြုမိန့် ၄ ရက်နေ့ကတင်ထားတယ်၊ ဒါပေမဲ့ ခွင့်ပြုမိန့်တင်လည်း ကျနော်တို့ကို လေး ငါးခါတင်ထားတာ ပယ်ချခံရနေတယ်"

ပြည်ထဲရေးဝန်ကြီးဌာနက သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာက ဧက ၁၅၀ ကျော်ကို ကျေးရွာပိုင်မြေဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီလက တောင်သူတွေထံ တရားဝင်လုပ်ပိုင်ခွင့်ပေးခဲ့ပေမဲ့ မြန်မာဂိုးဒင်းပွိုင့်၊ ဒို့ညီနောင်များ စတဲ့ကုမ္ပဏီတွေက ရွှေတူးဖော်နေကြတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့ အစိုးရဌာနအဆင့်ဆင့်ကို တောင်သူတွေက တင်ပြတိုင်ကြား ခဲ့ပေမဲ့ ဖြေရှင်းပေးတာမရှိတဲ့အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ၊ တောင်သူတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲထောင်ချနေတာတွေ ရပ်တန့်ပေးဖို့ အထက်မြန်မာပြည် တောင် သူလယ်သမားနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်ရေးအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရွှေဘိုခရိုင်မှာ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက ထောင်နဲ့ချီရှိနေပြီး ကန့်ဘလူ မြို့နယ်မှာ ပုဒ်မ ၄၄၇  နဲ့ တရားစွဲခံထားရတဲ့ တောင်သူ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ ကန့်ဘလူ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးစတဲ့ မြို့နယ်တွေက ဒေသခံတောင်သူတွေ စုပေါင်းပြီး ကန့်ဘလူမြို့နယ်တရားရုံးက ထောင်ဒဏ်တွေချမှတ်ထားတဲ့ လယ်သမား ၅၀ ကျော်ကို ပြန်လွှတ်ပေးဖို့ အတွက် ကန့်ဘလူမြို့မှာ ဆန္ဒပြ တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။