မောင်တောမြို့မှာ ပစ်ခတ်မှုဖြစ်


2017.08.26
maungtaw-refugees-622 မောင်တောမြို့က ဒေသခံတွေနဲ့ ဝန်ထမ်းတွေ ဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ပြောင်းနေတာကို သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: State Counsellor Office Information Committee

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစွန်းရောက် အကြမ်းဖက် သမားတွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မောင်တောမြို့ မြို့သူကြီးရပ်ကွက်နဲ့ ရပ်ကွက် ၅ တို့မှာ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

"ဒီနေ့မှာတော့ မြို့သူကြီးဘက်မှာ ဖြတ်သွားတဲ့ တပ်အဖွဲ့ကို မိုင်းဆွဲ၊ မိုင်းထောင်ပြီးတော့ မိုင်းကို ရှင်းတဲ့ အချိန်မှာ အောက်ကနေပြီးတော့ သေနတ်နဲ့ပစ်လို့ ပစ်ခတ်မှုလေးတွေတော့ ဖြစ်ပါတယ်။ ၁၁ နာရီလောက် က အလိုတော်ပြည့် ဘုန်းကြီးကျောင်း အနောက်ဘက်ကပ်လျက် ရပ်ကွက် ၅ ထဲကနေပြီးတော့ သေနတ်နဲ့ လှမ်းပစ်တယ်။ ရဲကင်းကို။ ပစ်တော့ ရဲကင်းက တစ်ခါပြန်ပြီးတော့ပစ်တယ်။ ပစ်ခတ်မှုလေးတွေတော့ ရှိတယ်။ မြို့ထဲမှာကို ပစ်ခတ်မှုတွေ ဖြစ်လာတာမျိုးရှိတယ်"

ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ စာရင်းအတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။

မောင်တောမြို့နယ် ဝေသာလီနဲ့ ၃ မိုင်ကျေးရွာတွေမှာ ဒီနေ့မနက်က မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်လို့ ဝေသာလီကျေးရွာက ဒေသခံ ကိုဝင်းမောင်က ပြောပါတယ်။

"နယ်စပ်ရုံးတစ်ရုံးရှိတယ်။ ၃ မိုင်နားမှာလေ။ အဲ့ဒီအထဲမှာ ဟိန္ဒူအမျိုးသမီးတစ်ယောက်က ဘာလုပ်ဖို့ သွားတယ်လို့တော့ မသိဘူး။ အထဲမှာ မိုင်းတစ်လုံး ထပေါက်တယ်။ ဘင်္ဂါလီတွေ ထောင်ထားတာ။ ဟိန္ဒူအမျိုးသမီး တစ်ယောက်တော့ ဒဏ်ရာရတယ်။ အခုနက ကျနော်သွားကြည့်တော့ တွေ့ခဲ့တယ်။ လူတွေကတော့ ဟိုပြေးဒီပြေးရွာတွေမှာ မနေရဲကြဘူး။ အဲ့ဒီကလူတွေအကုန်လုံး လေးမိုင်မှာ စုနေကြတယ်"

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရဲကင်းစခန်း ၃၀ ကို မနေ့က မနက် ၁ နာရီလောက် ကစပြီး အကြမ်းဖက်သမားတွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦးနဲ့ ဒုလဝကမှူး ၁ ဦး ကျဆုံးခဲ့ပြီး လက်နက် ၆ လက် ဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က ညနေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမား ၇၇ ယောက်ရဲ့ အလောင်းကို ရရှိထားပြီး ၂ ယောက်ကို အရှင်ဖမ်းမိထားတယ် လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြာင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။