ဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ဝင်ဟောင်းတွေကို တရားစွဲ

2017-10-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
MDCF ခေါင်းဆောင် ဦးထင်ကျော် ကို တွေ့ရစဉ်
MDCF ခေါင်းဆောင် ဦးထင်ကျော် ကို တွေ့ရစဉ်
Photo: RFA

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် အရင်အစိုးရအဖွဲ့ဝင်ဟောင်း ၁၁ ယောက်ကို အရေးယူပေးဖို့အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု ဗဟိုကော်မတီ MDCF ခေါင်းဆောင် ဦးထင်ကျော်က မနေ့က မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့သလို မြို့နယ်ရဲစခန်းမှာလည်း တိုင်ကြားလိုက်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ၁၁ ယောက်ကို ရာဇသတ်ကြီးဥပဒေအရ အရေးယူပေးဖို့ ဦးတိုက်လျှောက် ခဲ့တယ်လို့ MDCF ခေါင်းဆောင် ဦးထင်ကျော်က ပြောပါတယ်။

"၂ဝ၁၀၊ ၂ဝ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တရားခံ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၁ ယောက်၊ (၁) ဦးသိန်းစိန် သမ္မတဟောင်း၊ (၂) ဒေါက်တာ စိုင်းမောက်ခမ်း ဒုတိယသမ္မတဟောင်း (ငြိမ်း)၊ (၃) ဦးဥာဏ်ထွန်း ဒုသမ္မတဟောင်း(ငြိမ်း)၊ (၄) သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် ဗိုလ်ချုပ်ကြီးဟောင်း၊ (၅) ဦးခင်အောင်မြင့် အမျိုးသားလွှတ်တော် ဥက္ကဌနှင့် ဗိုလ်ချုပ်ကြီးဟောင်း၊ (၆) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ (၇) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ (၈) ဗိုလ်ချုပ် လှမင်းနှင့် ဗိုလ်ချုပ် ဝေလွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း၊ (၉) ဦးဝဏ္ဏမောင်လွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း၊ (၁ဝ) ဗိုလ်ချုပ်ကြီး ကိုကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း၊ (၁၁) ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဟောင်း ရာဇသတ်ကြီးပုဒ်မ (ကွက်လပ်) ဖြင့် အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားမှု အရေးယူဆောင်ရွက်ပေးပါရန် တရားသူကြီးမင်းထံ လေးစားစွာလျှောက်ထား တိုင်ကြားအပ်ပါသည်"

၂၀၁၀ ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေမှာ ဗုံးထောင်ဖောက်ခွဲဖို့ ကြံစည်ခဲ့တာတွေ၊ မူးယစ်ရာဇာ ၄ ယောက်ကို နိုင်ငံရေး အကျဉ်းသားဆိုပြီး လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာတွေနဲ့ ၂၀၁၃ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သူတွေကို မလွှတ်ပေးသေးဘဲ အကျဉ်ထောင်အတွင်း ချုပ်နှောင်ထားခဲ့တာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်အောင် ဦးတိုက်လျှောက်တာဖြစ်တယ်လို့ ဦးထင်ကျော်က ပြောပါတယ်။

အဲဒီလို ဦးတိုက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး  လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ  မြို့နယ်တရားရုံးက ရုံးချိန်းခေါ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့နယ်ရဲတပ်ဖွဲ့ကလည်း ဦးထင်ကျော်ရဲ့ တိုင်ကြားမှုကို လက်ခံလိုက်တယ်လို့ သိရပါတယ်။

MDCF ခေါင်းဆောင် ဦးထင်ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တပ်မတော်က နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)အမှုကို ရုပ်သိမ်းပေးတဲ့အတွက် အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုက်တခုလုံးသို့