သတင်းထောက် သေဆုံးမှု အမှုမှန်ပေါ်ရေး မန္တလေးမှာ ဆန္ဒပြ


2014.10.27
kopargyi-mandalay-305 အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှှုနဲ့ ပတ်သတ်ပြီး အမှှုမှန်ဖော်ထုတ်ပေးဖို့ မန္တလေးမြို့ခံတွေ အောက်တိုဘာလ ၂၇ ရက်နေ့က ဆန္ဒဖော်ထုတ်စဉ်
Photo: Hset Paing Toe/RFA

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ မန္တလေးမြို့ခံတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူ ဦးရေ ၃၀၀ လောက် စုပေါင်းပြီး မန္တလေးမြို့ ၂၆ လမ်းပေါ်မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

နိုင်ငံသားတွေ တရားဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေ ထပ်မံမဖြစ်ပွားစေဖို့ ခုလိုဆန္ဒပြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မေတ္တာကမ်ပိန်းအဖွဲ့ဝင် ဦးညီညီကျော်က ပြောပါတယ်။

"အဓိကကတော့ ပြည်သူတွေ မတရားနှိပ်စက် ခံနေ ရတာတွေ၊ တိုင်းသူပြည်သားအပေါ်မှာ အနိုင်ကျင့် ခံရတာတွေနဲ့ ပတ်သက်ပြီးတော့ ဒီအဓမ္မအမှုတွေ အတွက် ဆန္ဒဖော်ထုတ်ကြတာပဲ၊ ကျနော်တို့ ကိုပါကြီး တစ်ယောက်ထဲကိုတော့ မရည်ရွယ်ပေမဲ့ ကိုပါကြီး အပါအဝင် အားလုံးကြုံတွေ့နေ ရတဲ့ ကျနော်တို့ရဲ့ မလုံခြုံမှု၊ တရားဥပဒေရဲ့ အနိုင်ကျင့်မှုဒုက္ခ၊ အဓမ္မပြုကျင့်ခံနေရတဲ့ နိုင်ငံသားတို့ရဲ့ ဒုက္ခကို အဓိကရည်ရွယ်ပြီး ကျနော်တို့ဖော်ထုတ်တာပါ"

ကိုပါကြီး သေဆုံးမှုကို အမှုမှန်ဖေါ်ထုတ်ပေးဖို့ ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့မှာ အရပ်ဖက်အဖွဲ့အစည်း ၄၀ ကျော်က စုပေါင်းပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ကိုပါကြီးရဲ့ဇနီးဖြစ်သူ မသန္တာက ခင်ပွန်းဖြစ်သူ အလောင်းကို မိသားစုဝင်မပါဘဲ ဖော်ထုတ်တာမျိုး မပြုလုပ်ဖို့ ဒီကနေ့ ကျိုက်မရောမြို့မ ရဲစခန်းကို အကြောင်းကြားခဲ့ရာမှာ ရဲစခန်းက ဇနီးဖြစ်သူနဲ့အတူတူ အလောင်းကိုဖေါ်ထုတ်မယ်လို့ပြောကြောင်း သေဆုံးသူ ကိုပါကြီးရဲ့ ဇနီးမသန္တာက RFA ကို ပြောပါတယ်။

ကိုပါကြီး အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။