အများပိုင်မြေ ၁၃၅ ကွက်ကို မန္တလေးတိုင်းအစိုးရ ပြန်သိမ်းမည်


2017.12.13
mdy-palace-622.jpeg မန္တလေးကျုံးမြို့ရိုးကိုတွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဥပဒေနဲ့မညီဘဲ ရယူထားတဲ့ အများပြည်သူပိုင်မြေ ၁၃၅ ကွက်ကို ပြန်လည်သိမ်းယူသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က မနေ့က တိုင်းလွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဥပဒေနဲ့မညီဘဲ ရယူထားတဲ့ အများပြည်သူပိုင်မြေတွေကို စိစစ်ပေးဖို့ အဆိုတင်သွင်းထားတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ဝန်ကြီးချုပ် တင်ပြသွားတာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"အဆိုမှာတင်တဲ့အတိုင်းပေါ့၊ စပ်ကူးမတ်ကူးမှာ ဥပဒေနဲ့မညီ၊ လုပ်ထုံးလုပ်နည်းနဲ့ မညီပေးထားတဲ့ ဂရန်တွေကို ပြန်လည်ပယ်ဖျက်ဖို့ရန်ပေါ့၊ အဲဒါကိုတရားဝင်ပြောသွားတာပေါ့၊ အကွက်အားလုံးပေါင်း ၁၃၅ ကွက်၊ ဝန်ကြီးချုပ်ပြောတာတော့ ဥပဒေအရလုပ်ထုံးလုပ်နည်းနဲ့ မညီတာပါတယ်၊ ဂရန်အမှု တွဲပေါင်း ၂၀၀ ကျော်ကို တစ်ရက်ထဲနဲ့ စည်ပင်သာယာ အစည်းအဝေးမှာတင်ပြီးတော့မှ ဆုံးဖြတ်ပြီးမှ နောက်မှ လူတွေက ဂရန် လျှောက်တာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းအရမညီ လို့ဆိုတဲ့ အချက်ပါတယ်၊ နောက် ၁၈ နှစ်မပြည့်သေးတဲ့တစ်ယောက်ကို မြေကွက်ရော၊ ဂရန်ရောပေးလိုက် တာပါတယ်၊ အများကြီးပေါ့၊ သူပြောတဲ့အချက်တွေကတော့လေ"

မြေဂရန်ပြန်လည်သိမ်းယူမယ့် ၁၃၅ ကွက်မှာ ပေ ၄၀ × ၆၀ အကွက်တွေကနေ ၆ ဧကကျော်အထိ ကျယ်ဝန်းတဲ့ အကွက်တွေအထိ ပါဝင်တယ်လို့ လည်း ပြောပါတယ်။

အဲဒီမြေကွက်တွေဟာ ချမ်းအေးသာဇံမြို့နယ်မှာ ၁ ကွက်၊ ချမ်းမြသာစည်မြို့နယ်မှာ အကွက် ၄ဝ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၈၅ ကွက်၊ အမရပူရမြို့နယ်မှာ ၉ ကွက် စုစုပေါင်း ၁၃၅ ကွက်ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးမှာ အစိုးရအကူး အပြောင်း ကာလအတွင်း အများပြည်သူပိုင်မြေနေရာတွေ ဥပဒေနဲ့မညီဘဲ လွဲှပြောင်းပေးခဲ့တာတွေကို စိစစ်ပေးဖို့အဆို တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအဆို အောင်မြင်သွားပြီးနောက်ပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အဆင့်ဆင့် စိစစ်စေခဲ့ပြီးနောက် အခုလိုဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့လည်း ဦးမြင့်အောင်မိုး က ပြောပါတယ်။

အခုပြန်လည်သိမ်းယူမယ့် မြေကွက်တွေဟာ ဦးမြင့်အောင်မိုး အဆိုတင်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့မြေကွက် အတော်များများ ဖြစ်ပြီး မြို့ပေါ်မှာရှိတဲ့ မူလက ဈေး၊ ကျောင်း၊ ရုံးစတဲ့ အများပိုင်နေရာမျိုးတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။