ပင်မကျောင်းသား သပိတ် စစ်ကြောင်း သပိတ်မလှန်သေး


2015.02.12
mdy-students-march.jpg ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ်
Photo: Hset Paing Toe/RFA

ဒီမိုကရေစီပညာရေးအတွက် ကျောင်း သားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ သဘောတူလိုက်ပေမဲ့၊ လွှတ်တော်မှာသဘောတူပြီး သမ္မတလက်မှတ်ထိုးမှ ဒီတောင်းဆိုချက်တွေအတွက် စိတ်ချယုံကြည်ရမှာဖြစ် တဲ့အတွက် သပိတ်မလှန်သေးဘူးလို့ ကျောင်း သားခေါင်းဆောင်တွေကပြောလိုက်ပါတယ်။

ဒါကြောင့် ရွှေတောင်မြို့ကိုရောက်နေတဲ့ မန္တလေး-ရန်ကုန် ပင်မသပိတ်စစ်ကြောင်းက ဒီနေ့မနက်မှာ အင်းမနဲ့ ပေါင်းတည်ကို ဆက်လက်ချီတက်မယ်လို့ ဗကသများအဖွဲ့ချုပ် အမှုဆောင် ကိုသီဟဝင်းတင်က RFA ကိုပြောပါတယ်။

"ကျနော်တို့အနေနဲ့ သပိတ်စစ်ကြောင်းဟာ ဆက်လက်ပြီးတော့ပဲ ချီတက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်ဗျ၊ အခုတော့ ရွှေတောင်ရောက်နေတယ်ပေါ့နော်၊ မနက်ဖြန်ကျလို့ရှိရင် ကျနော်တို့ ဝါးလည်ရွာက ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဂါရဝသွားပြုပြီး သွားလို့ရှိရင် ဒေသခံတွေအား မေတ္တာရပ်ခံတယ်၊ မေတ္တာရပ်ခံတာက ဝါးလည်ရွာကိုကျော်သွားလို့ရှိရင် ကြားထဲမှာပြည်သူလည်းမရှိဘူးပေါ့နော်၊ အဲ့လိုမျိုးအနေအထားမျိုးမှာ အချိန်ကိုမဖြုန်းပဲနဲ့ သူတို့က ပေါင်း တည်ကို ဗိုလ်ချုပ်မွေးနေ့အမှီ သွားစေချင်တယ်၊ ဗိုလ်ချုပ်မွေးနေ့အမှီ သွားစေချင်တယ်ဆိုတော့ ကျနော် တို့ ဝါးလည်ရွာကနေပြီးတော့ အင်းမအထိကို ကားစီးဖို့အတွက် မေတ္တာရပ်ခံတယ်၊ မေတ္တာရပ်ခံတော့ ကျနော်တို့လည်း အဲ့ဒီအတိုင်းပေါ့၊ ဝါးလယ်ရွာကနေ အင်းမအထိကို ကားစီးမယ်၊ အင်းမကနေ ပေါင်း တည်ကို ဆက်ပြီးတော့ လမ်းလျှောက်မယ်ပေါ့နော်"

အလားတူ ဧရာဝတီတိုင်း မအူပင်မြို့မှာရောက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေကလဲ ဒီနေ့မှာ ကျိုက်လတ်နဲ့ ဖျာပုံဘက်ကို ဆက်လက်ချီတက်မယ်လို့ သပိတ်ကူညီပံ့ပိုးရေး ကော်မတီဝင် ကိုအောင်အောင်ကျော်က ပြော ပါတယ်။

မွန်ပြည်နယ် သထုံမြို့မှာရောက်နေတဲ့ သပိတ်မှောက် ကျောင်းသားတွေကလည်း ဒီနေ့ ဘီးလင်းဘက်ကို ခရီး ဆက်မယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။