လုပ်ငန်းတင်ဒါတွေကို စိစစ်မှုကြောင့် ငွေကျပ်သန်း ၄ထောင်ကျော် ပိုလျှံ


2017.03.28

မန္တလေးတိုင်းဒေသကြီးအတွင်းက တည်ဆောက်ရေးလုပ်ငန်းတင်ဒါတွေကို စိစစ်ဆောင်ရွက်မှုကနေ ငွေကျပ်သန်း ၄၀၀၀ ကျော် ပိုလျှံခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။

အဲဒီပိုလျှံတဲ့ ဘဏ္ဍာငွေတွေကို မန္တလေးတိုင်းဒေသကြီးမှာ စာသင်ကျောင်းဆောက်တာ၊ ကျေးလက်မီး လင်းရေးဆောင်ရွက်တာ၊ အားကစားကွင်းတွေအဆင့်မြှင့်တာ၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာ ဝန်ထမ်း အိမ်ရာတွေ တည်ဆောက်ပေးတာ စတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဝန်ကြီး ဦးဇာနည်အောင် က ပြောပါတယ်။

"ဒီလိုတင်ဒါငွေပိုလျှံဖြစ်ပေါ်မှုက ဒီနှစ်မှာ အများဆုံးပါပဲ၊ အဲဒီက ပိုလျှံတဲ့ငွေက ၄ ဒသမ ၁၂၂ ဘီလျံရှိတယ်၊ အဲဒီပိုလျှံတဲ့ငွေတွေနဲ့ စာသင်ကျောင်းပေါင်း ၃၅ ကျောင်းပြန်ရတယ်၊ ကျေးရွာပေါင်း ၅၀ ကျော်မီးလင်းတယ်၊ နောက်တစ်ခါကျေးရွာတွေရဲ့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေကို အများကြီးတိုးလုပ်နိုင်ခဲ့တယ်၊ အားကစားကွင်းတွေအဆင့်မြှင့်ပြီးလုပ်နိုင်ခဲ့တယ်၊ ဝန်ထမ်းအိမ်ရာတွေ တိုးချဲ့တည်ဆောက်နိုင်ခဲ့တယ်"

အခုလို ဘဏ္ဍာငွေတွေ ပိုလျှံအောင် ဆောင်ရွက်နိုင်ခဲ့တာက လုပ်ငန်းတွေကို တင်ဒါပေးရာမှာ ပွင့်လင်းမြင်သာမှု ရှိအောင်၊ အဂတိတရားကင်းကင်းနဲ့ဆောင်ရွက်ပြီး စနစ်တကျ ချွေတာဆောင်ရွက်ခဲ့လို့ဖြစ်တယ်လို့ ဝန်ကြီး ဦးဇာနည်အောင်က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးတွင်းမှာ  ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားစတဲ့ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်မယ့် တည်ဆောက်ရေးလုပ်ငန်းတွေမှာ သုံးစွဲဖို့ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ်သန်း ၅သောင်း ကျော် ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီငွေနဲ့ အသုံးပြုမယ့်လုပ်ငန်းတွေ ကို တင်ဒါစနစ်နဲ့ စိစစ်ဆောင်ရွက်ခဲ့ရာကနေ ပိုလျှံငွေ ကျပ်သန်း ၄၁၀၀ ကျော်ထိရရှိခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။