နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင် ရွက်ဖို့ တရုတ်သံအမတ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဆွေးနွေး
2017.03.22
တရုတ်-မြန်မာ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် လက်နက်ကိုင်အဖွဲ့တွေ စစ်ရေးအခြေအနေ ဖန်တီးနိုင်ခွင့် မရှိအောင် ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်နိုင်ငံသံအမတ် Mr. Hong Liang ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောကြားခဲ့ပါတယ်။
တရုတ်သံအမတ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ နှစ်နိုင်ငံကုန်သွယ်ရေး၊ ဆက်ဆံရေးနဲ့ နယ်စပ် တည်ငြိမ်အေးချမ်းရေးကိစ္စတွေကို မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ၂၀၁၅ ခုနှစ်ကစပြီး ဒီနှစ်အတွင်း လောက်ကိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအခြေအနေတွေ ၊ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး စစ်ရေးနည်းလမ်းကို သာ ရွေးချယ်လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံတွေ နစ်နာမှုရှိနေသလို တပ်မတော်သားတွေ ထိခိုက်ကျဆုံးမှုတွေ ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ဆက်ဆံရေးကို ထိခိုက်စေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
တရုတ်သံအမတ် Mr. Hong Liang ကလည်း လက်ရှိလောက်ကိုင်ဒေသဖြစ်စဉ်တွေနဲ့ မြေပြင်မှာ အမှန် တကယ်ဖြစ်ပျက်နေတာတွေ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဖြစ်ကြတဲ့ MNDAA၊ KIA၊ AA၊ TNLA ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာဆွန်ကောချန်းနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီး နယ်စပ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အရှိန်လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။