အကြမ်းဖက် ၁၈၀၀ နီးပါးရဲ့ စာရင်းရထားတယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ပြော


2017.10.12
minaunghlaing-us-ambassador-622 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး စကော့ မာစီရယ် ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်မှာ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အကြမ်းဖက်အင်အား ၁၇၈၅ ဦးကို နာမည်နဲ့ ရွာအမည်တွေကို စာရင်းရရှိထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုမှာ အင်အား ၄၀၀၀ လောက် ပါဝင်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး စကော့ မာစီရယ်နဲ့ ရန်ကုန်မြို့က ဇေယျာသီရိဗိမာန်မှာ မနေ့က တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြောကြားခဲ့တာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ အမေရိကန်သံအမတ်ကြီးက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး သမိုင်းကြောင်းနဲ့ ရှုပ်ထွေးမှုအနေအထားတွေကို သိရှိနားလည်ပေမယ့် လက်ရှိအခြေအနေအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူ ၅ သိန်းကျော် ထွက်ပြေးခဲ့မှုအပေါ် ဒေသအတွင်းသာမက နိုင်ငံတကာကပါ စိုးရိမ်မှုတွေရှိပြီး မြန်မာနိုင်ငံအပေါ် ဖိအားများစွာရှိကြောင်း စတာတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ လက်ရှိပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ တပ်မတော်အနေနဲ့ စနစ်တကျပြင်ဆင်ပြီး ပြုပြင်ပြောင်းလဲခဲ့တာဖြစ်ကြောင်းနဲ့ ပြည်သူရွေးချယ်တဲ့ လမ်းကြောင်းဖြစ် ပြီး ပြည်သူရဲ့ အဆုံးအဖြတ်အရပဲ လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထား ပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာ ရဲစခန်း ၃၀ နဲ့ တပ်ဌာနချုပ်တစ်ခုကို အစွန်းရောက်တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံးပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ တံတား ၈ စင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သလို အင်အား ၁၀ ဦးကနေ ၁၅ ဦးခန့်သာရှိတဲ့ ရဲစခန်းတွေကို တုတ်၊ ဓား၊ လှံနဲ့ လက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ အင်အား ၂၀၀ ကျော်က အကြမ်းဖက်တိုက်ခိုက်လာတဲ့ အခြေအနေမှာ မလွဲမသွေခုခံ ကာကွယ်ပစ်ခတ်ရမှာသာဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။