မြန်မာ အမေရိကန် ဆက်ဆံရေးတိုးတက်မှု တရုတ်အတွက် ပြန်လည် သုံးသပ်စရာဖြစ်

အမေရိကန်ပြည်ထောင်စုအပါအဝင် တခြားနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ ကြိုးစားလာတာဟာ မြန်မာနိုင်ငံပေါ် နှစ်ပေါင်းများစွာ စိန်ခေါ်သူမရှိ သြဇာလွှမ်းမိုးလာတဲ့ တရုတ်နိုင်ငံကို ခြိမ်းခြောက်ရာရောက်နေတယ်လို့ ပညာရှင်တွေက ရှုမြင်ကြပါတယ်။

2012.11.23
mm-us-ch-305 အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးတွင် တွေ့ဆုံစဉ်
Photo: RFA

အခုဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပေါ် နှစ်ရှည်လများ အားကိုးအားထား လုပ်ခဲ့ရတာတွေကို ပြောင်းလဲပစ်တဲ့ လမ်းကြောင်းပေါ် တက်လှမ်းနေပြီလို့ ဟောင်ကောင်တက္ကသိုလ်က မြန်မာ့ရေးရာ ပညာရှင်  Renaund Egreteau   က ပြောပါတယ်။

နောက်ပညာရှင်တဦးဖြစ်တဲ့ တရုတ်နိုင်ငံ ခေတ်ပြိုင်နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူး  Yuan Peng  ကလည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်တဲ့ခေတ် ကုန်ဆုံးသွားပြီဆိုတာ ရှင်းပါတယ်။

ဒါပေမဲ့ သြဇာလွှမ်းမိုးတာကတော့ ကျန်နေအုံးမှာပါပဲလို့ သူကပြောပါတယ်။ အမေရိကန်ဟာ တရုတ်နိုင်ငံထွန်းသစ်လာတာကို အရှိန်နှေးသွားအောင် ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်အောင် စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေ သုံးပါလိမ့်မယ်လို့ ပြောပါတယ်။

ဘေဂျင်းမြို့တက္ကသိုလ်တခုက နိုင်ငံခြားဆက်ဆံရေးရာပညာရှင် ပါမောက္ခ  Chen Qi  က လည်း တရုတ်နဲ့ မြန်မာနိုင်ငံရဲ့ နက်ရှိုင်းလှတဲ့ဆက်ဆံရေးက ညတွင်းချင်း ပျောက်သွားမှာမဟုတ်ဘဲ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့  ထောက်ခံမှုရလာရင် နဂိုဆက်ဆံရေး မပျက်ယွင်းစေဖို့ တရုတ်နိုင်ငံဟာ သံတမန်ရေးမှာ ဒီထက် ကျွမ်းကျင်ဖို့လိုလာမယ်လို့ သုံးသပ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်က သုတေသီ  Josh Gordon   က အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံဖို့ အကြီးအကျယ် ရှောင်လွှဲခဲ့ချိန်မှာ တရုတ်နိုင်ငံဟာ မြန်မာအာဏာပိုင်တွေနဲ့ ထူးထူးကဲကဲ ဆက်ဆံနိုင်တာကို အားရကျေနပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခုတော့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိတဲ့ နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ သူတို့နည်းသူတို့ဟန်ကို ပြန်စဉ်းစားသုံးသပ်ဖို့ တွန်းပို့တဲ့ အခြေအနေဆိုက်ရောက်နေပြီလို့လည်း ရှုမြင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။