MNDAA ပစ်ခတ်မှုကြောင့် သေဆုံး သူ ၂၀ ခန့်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်


2017.03.06
laukkaing-injure-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ မတ်လ ၆ ရက်နေ့က MNDAA ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူတွေ ကို တွေ့ရစဉ်
Photo: State Counsellor Office Information Committee/ Facebook

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်က အဆောက်အဦတွေ၊ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ကိုးကန့် တပ်ဖွဲ့ MNDAA က ဒီနေ့မနက် ၂ နာရီခွဲခန့်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသ ခံတွေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ ၂၀ ခန့် ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော် မတီက သတင်းထုတ်ပြန်ပါတယ်။

လောက်ကိုင်မြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ြပီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင်က အခုလိုပြောပါတယ်။

"ရန်လုံကျိုင်းစခန်းကို စပြီးတိုက်တာပေါ့။ လေးနာရီလောက်ရောက်တော့ ကျင်ဖုဟိုတယ်ရဲ့ အောက်ထပ်ကို ဗုံးခွဲတယ်။ မီးရှို့တယ်။ မနက် ၄ နာရီ ၅ မိနစ်လောက်ရောက်တော့ အဲ့ဘက်က ရှေ့မှာ ရပ်ထားတဲ့ ကားကို လက်နက်ကြီး RPG နဲ့ပစ်တယ်။ နောက် ၄ နာရီ ၁၀ မိနစ်လောက်ရောက်တော့ ဘုံခုနှစ်ဆင့်အဝိုင်း ဆိုတာလေးရှိတယ်။ အဲ့အဝိုင်းနားကိုလည်း လာပစ်တာပေါ့နော်။ မနက်ပိုင်း ၆ နာရီခွဲလောက်တော့ တခါနည်းနည်းလေးငြိမ်သွားတာပေါ့။"

MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်က ရဲဝတ်စုံတွေ အယောင်ဆောင်ဝတ်ဆင်ပြီး ရန်လုံကျိုင်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ပြန်လည်ခုခံခဲ့ ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အစိုးရတပ်မတော်က ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန် တိုက်ခိုက်နေတာကြောင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က အစိုးရ တပ်မတော်ကို မလွှဲမရှောင်သာ ပြန်လည်ခုခံတိုက်ခိုက် တာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မှာဖြစ်ပွားတဲ့ တိုက်ပွဲဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ စုပေါင်းတိုက်ခိုက်တာမဟုတ်ဘဲ MNDAA တစ်ဖွဲ့ကသာ တိုက်ခိုက်တာဖြစ်တယ် လို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် က ပြောပါတယ်။

"မြောက်ပိုင်းမဟာမိတ်ဆိုတာက မူလကတည်းက စုပေါင်းပြီးတော့ တိုက်တာတော့မဟုတ်ဘူး။ သူ့နယ်မြေ ကိုယ့်နယ်မြေရှိတယ်။ သူ့အဖွဲ့က သူ့နယ်မြေနဲ့သူပဲဖြစ်တယ်။ မြောက်ပိုင်းမဟာမိတ် စုပေါင်းတပ်ဖွဲ့ပုံစံ တိုက်ခိုက်တာမျိုး မရှိဘူး။ မြောက်ပိုင်းမဟာမိတ်ဆိုတာပြန်ပြီး မရုပ်သိမ်းသေးတဲ့အတွက် ဒီတိုက်ပွဲ မှာလည်း မြောက်ပိုင်းမဟာမိတ်လို့ ပြောရင်လည်းပြောလို့ရသေးတယ်။"

ပစ်ခတ်တိုက်ခတ်မှုတွေကြောင့် မူလတန်းပြဆရာမတစ်ဦးအပါအဝင် ဒေသခံတွေ သေဆုံးတာတွေ ရှိသလို မီးရှို့ခံထားရတဲ့ အလောင်း ၂၀ နဲ့ လက်နက် ၁၀ လက်ခန့် ရရှိထားတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။