သတင်းရယူခွင့်နဲ့ လွတ်လပ်ခွင့်ကို အလေးထားစဉ်းစားဖို့ လူ့အခွင့် အရေးကော်မရှင် အကြံပြု


2017.07.01
yulwinaung-620.jpg မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရှမ်းပြည်နယ် သီပေါအကျဉ်းထောင်မှာ သတင်းသမား ၃ ဦး ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး သတင်းသမားတွေ ရဲ့ သတင်းရယူခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို အလေးထားစဉ်းစားဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလဖြစ် တယ်ဆိုတာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မီဒီယာသမားတွေဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ လွတ်လပ်စွာ သတင်းရယူခွင့် ကို လေးစားဖို့လိုတဲ့အတွက် အခုလိုထုတ်ပြန်တာလို့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြော ပါတယ်။

"ကျနော်တို့ သဘောထားက အဓိကကတော့ မီဒီယာသမားတွေဖြစ်တဲ့အတွက်ကြောင့်  သူတို့ရဲ့ လွတ်လပ်စွာ သတင်းရယူခွင့်တွေကို လေးစားပေးဖို့နဲ့ သူတို့ရဲ့လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားဖို့ ဒါကိုကျနော်က အဓိကထားပြီး  ပြောတာပါပဲ"

သတင်းသမားတွေ အဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ အစိုးရတာဝန်ရှိသူတွေကို လိုအပ်သလို အကြံပြုသွားမယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေ ညှဉ်းပန်းနှိပ်စက်မှု မခံရစေဖို့၊ ကျန်းမာရေး စောင့်ရှောက်မှု ခံစားခွင့်ပြုဖို့ ၊ ရှေ့နေငှားရမ်းခွင့်ပြုဖို့ စတဲ့ အခြေခံအခွင့်အရေးတွေ ခံစားခွင့်ပေးသင့်တယ်လို့လည်း လူ့အခွင့်အရေး ကော်မရှင် က အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ TNLA က ကျင်းပတဲ့ ပလောင်လက်နက်ကိုင် တပ်ဖွဲ့ TNLA က ကျင်းပတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားကို သတင်းယူပြီးပြန်လာတဲ့ ဒီမိုကရက် တစ် မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ ယောက်အပါအဝင် အမျိုးသား ၆ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က တပ်မတော်က ဖမ်းဆီးလိုက်ပြီး ၂၈ ရက်နေ့မှာ သီပေါအကျဉ်းထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

သူတို့ ၆ ဦးကို သီပေါမြို့မရဲစခန်းမှာ မတရားအသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ အမှုဖွင့်ထားပြီး လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ တရားရုံးထုတ်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။