၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ NLD ပါတီကို မဲပေးဖို့ ချောင်းဆုံ မြို့နယ်မှာ မဲဆွယ်စည်းရုံး


2017.02.18
nld-by-election-campaign-620.jpg မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဖံဖ ကျေးရွာမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း မဲဆွယ်စည်းရုံးစဉ်
Photo: Kyaw Lwin Oo/RFA

ဒီမိုကရေစီမဆန်တဲ့ ပြဌာန်းချက်တွေပါဝင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးဖို့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဖံဖ ကျေးရွာမှာ မဲဆွယ်စည်းရုံးစဉ် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောခဲ့ပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဒီနေ့ မဲဆွယ်စည်းရုံးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က NLD ပါတီက ဘာကြောင့် မဲတောင်းရတယ်ဆိုတာကို ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲဟာ ထိထိရောက်ရောက်ပြောင်းလဲရေးကို မလုပ်နိုင်သေးဘူး၊ ဘာကြောင့်လဲ ဆိုတော့ အကြောင်းအရာတွေ အများကြီးရှိတယ်၊ အဲဒီထဲက အရေးအကြီးဆုံးကို ကျနော်ပြောချင်တယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးဘူး၊ ဒီမိုကရေစီမဆန်တဲ့ ပြဌာန်းချက်တွေ အများကြီးကျန်သေး တယ်၊ အဲဒါကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံ လုံးဝပြောင်းလဲနိုင်အောင် အမြဲကြိုးစားနေတယ်၊ ဒါရမှလည်း တိုင်းပြည်တိုးတက်မယ်၊ တိုင်းပြည်တိုးတက်မှလည်း ကျနော်တို့ ပြည်သူလူထုတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ခံစားခွင့်ရမယ်၊ ဒါကြောင့် ကျနော်တို့ မဲတောင်းတာပါ"

ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာခင်ဆောင်တို့ ဟောပြောစည်းရုံးခဲ့တာဖြစ် ပါတယ်။

ဒီနေ့ မဲဆွယ်စည်းရုံးရေးမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က NLD ပါတီဝင်တွေပါဝင်ခဲ့ပြီး ဖံဖ ကျေးရွာမှာ တစ်အိမ်တက်ဆင်း ဆန္ဒမဲပေးပုံ ပေးနည်းပြသတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးဝင်းနဲ့ မိတ်ဆက်တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့ တဲ့ ဒေါ်ခင်ဌေးကြွယ်ဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှာ တာဝန်ပေးအပ်ခံရတာကြောင့် ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်ခဲ့ရတဲ့အတွက် လစ်လပ်သွားတာဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွ့ံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တို့က ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။