လွတ်ငြိမ်းချမ်းသာခွင့် နောက်ထပ် ထုတ်ပြန်ဖို့ရှိ

မြန်မာအစိုးရအနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်ပါတယ်။

2011.10.15
prisoner-family-305 မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
AFP

နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင် အနည်းငယ်သာ ပါဝင်တာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက်တာပါ။

“အခု လွတ်ငြိမ်းချမ်းသာခွင့်က နောက်ဆုံးအကြိမ် ဟုတ်မှာ မဟုတ်ပါဘူး။ နောက်လည်း ထပ်လာအုံးမှာပေါ့နော်။ နောက် ဆက်ပြီးတော့လည်း ဒါမျိုးတွေ ပေါ်လာလိမ့်မယ်လို့တော့ ကျနော် ထင်ပါတယ်။ အဲဒီတော့ ဒီတခါ မပါပေမယ့်လည်း နောက်အခါ နောက်အခါတွေမှာ ပါလာနိုင်မယ်လို့တော့ ကျနော် ထင်ပါတယ်”

အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ၆ ထောင့် ၃ ရာ ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား ၂ ရာကျော်သာ ပါဝင်ခဲ့ပါတယ်။ ‘အခုလကုန်ပိုင်းမှာ ကိုမင်းကိုနိုင် လွတ်မြောက်လိမ့်မယ်၊ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ရှိတယ်’ ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အခြေအနေအပေါ် မူတည်ပြီး နောက်ထပ် အမိန့်ထုတ်ပြန်လိမ့်မယ်လို့ ယူဆကြောင်း ဦးကိုကိုလှိုင်က ပြောပါတယ်။

NLD ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားတယ်ဆိုရင် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးသင့်တယ်လို့ ပြောဆိုပါတယ်။

“အစိုးရအနေနဲ့ ဘာပြဿနာမှ ရှိစရာ မရှိဘူး။ လွှတ်မယ်ဆိုရင် လွှတ်လိုက်လို့ ရတယ်။ မြန်မြန်ထက်ထက် လွှတ်ပေးဖို့ကောင်းတယ်။ နိုင်ငံရေးအကျဉ်းသားကြီးတွေ လွှတ်စရာရှိနေတယ် အထဲမှာ၊ မင်းကိုနိုင်တို့၊ ဦးခွန်ထွန်းဦးတို့ ရှိနေတယ်။ အခုလွှတ်တဲ့ဟာတွေက လွှတ်ပေးပြီးတော့ မကျေမနပ် ဖြစ်ရတဲ့ဟာမျိုး ဆိုတော့ မဟုတ်ဘူးဗျ။ ဒါ ဘာဖြစ်လို့ အလီလီ လွှတ်ရမှာလဲ။ တခါတည်း တပြိုင်တည်း လွှတ်ပေးလိုက်ရင် အများပြည်သူ ပိုပြီးတော့ စိတ်မချမ်းသာဘူးလား။ မြစ်ဆုံဆည်ကြီး ရပ်စဲတယ်ဆိုတဲ့အခါက အများပြည်သူ ဝမ်းသာသလို အားရကျေနပ်သလို အဲဒီလို ဖြစ်ဖို့ ကောင်းတာပေါ့လို့ ကျနော်က မြင်ပါတယ်။ လွှတ်ပေးဖို့ အစီအမံတွေ ရှိပါသေးတယ် ဆိုရင်တော့ မြန်မြန်ထက်ထက်နဲ့ တလုံးတခဲတည်း လွှတ်ဖို့ ကျနော်တို့ လိုလားတယ်လို့ ပြောချင်ပါတယ်”

ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ နှစ်ကြိမ် ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက တကြိမ် လွှတ်ပေးခဲ့ရာမှာ အကျဉ်းသားပေါင်း ၁၄၆ဝဝ ထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၅ဝ မပြည့်ဘူးလို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်နေ့က ထုတ်ပြန်တဲ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂ ရာကျော် ပါဝင်တယ်လို့ ထိုင်းအခြေစိုက် AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က သတင်းထုတ်ပြန်ပါတယ်။

နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အခြေအနေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-15 08:37

စိတ်တော့မရှိပါနဲ့။ ဦးကိုကိုလွင်လေသံကရပ်ကွက်ထဲကချဲဒိုင်လေသံပေါက်နေတယ်။အရင်ကဒီလုပ်ငန်းနဲ့များပတ်သက်ခဲ့ဘူးသလားခင်ဗျာ။