ကိုယ်စားလှယ်တွေကို ကားရောင်းပေးမယ့် ကမ်းလှမ်းမှု ငြင်းပယ်


2017.09.19
brilliance-car-622.jpg တရုတ်နိုင်ငံ Brilliant ကုမ္ပဏီကထုတ်တဲ့ ကားတစ်စီးကိုတွေ့ရစဉ်
.

လွှတ်တော်ကိုယ်စားလှယ်တွေကို အရစ်ကျနဲ့ ကားတွေ ရောင်းချပေးမယ်ဆိုပြီး တရုတ်နိုင်ငံက ကားကုမ္ပဏီတစ်ခု က လာရောက်ကမ်းလှမ်းထားတာကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ငြင်းဆိုထားတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်က တာဝန်မခံဘူးဆိုတာကို ကုမ္ပဏီဘက်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့ ကတည်းက ခေါ်ပြောထားပြီး ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုး က ပြောပါတယ်။

"လွှတ်တော်ဥက္ကဌကလည်း ဒီဟာကို လုံးဝလက်မခံပါဘူး၊ အခုမှဆုံးဖြတ်တာမဟုတ်ဘူး၊ ၂၂ ရက် ၈ လပိုင်း ထဲက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်၊ ကုမ္ပဏီက ကားကို လွှတ်တော်ကိုယ်စားလှယ်တွေကို အရစ်ကျရောင်း ချပေးမယ့်ကိစ္စကို လွှတ်တော်ကတာဝန်မခံပါဘူး၊ တာဝန်လည်းမယူပါဘူး၊ ကုမ္ပဏီကိုလည်း ဒါလွှတ်တော် က လက်မခံပါဘူးဆိုတဲ့အကြောင်း ၃၀ ရက် ၈ လမှာ ကျွန်တော်တို့က ခေါ်ပြီး အသိပေးအကြောင်းကြားပြီး သားပါ"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီနဲ့ လွှတ်တော်အခွင့်အရေးကော်မတီ စတဲ့ ကော်မတီ ၃ ခုနဲ့  ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းက လာရောက်တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီက လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်ပေါက်ဈေးထက်လျှော့ပြီး အရစ်ကျနဲ့ ရောင်းချပေးမယ်ဆိုပြီး လာရောက်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံထုတ် Brilliance တံဆိပ် Brand New ကားသစ်တွေ ကို အရစ်ကျနဲ့ ရောင်းချပေးမှာ ဖြစ်တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တချို့က စိတ်ဝင်စားနေကြတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါခင် က ပြောပါတယ်။

ကုမ္ပဏီဘက်က တရားဝင်တင်သွင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီကို မိတ်ဆက်မယ်ဆိုရင်တော့ ကိုယ်စားလှယ်တွေရဲ့ တစ်ဦးချင်းသဘောနဲ့ပဲ ဖြစ်တယ်လို့ ဒေါက်တာလှမိုး က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။