ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟာ မနေ့က အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ဒီနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
သူစီးနင်းလာတဲ့ကားကို လူလေးယောက်လိုက်ပါလာတဲ့ အနက်ရောင် တက္ကစီကားတစ်စီးက ကျော်တက်ပြီး ကားကိုပိတ်ရပ်ကာ ကားပေါ်ကဆင်းခိုင်းပြီး အသက်အန္တရာယ်ပြုဖို့ ကြံစည်ခဲ့တဲ့အကြောင်း တောင်ဒဂုံမြို့နယ် တိုင်းေဒသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။
အသက်အန္တရာယ် ခြိမ်းခြောက်ခံရလို့အသက်လုပြီး ပြေးနေချိန်မှာ တောင်ဒဂုံရဲစခန်းကို ဖုန်းဆက်အကြောင်းကြား ခဲ့ပေမယ့် သက်ဆိုင်ရာက အရေးတယူဆောင်ရွက်တာတွေ မရှိခဲ့တဲ့အတွက် တရားဥပဒေစိုးမိုးမှုဆိုတာကို မေးခွန်း ထုတ်စရာဖြစ်နေပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဦးညီညီ က ပြောပါတယ်။
ဦးညီညီဟာ တောင်ဒဂုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ပတ်သက်တဲ့ကိစ္စကို ဆွေးနွေးသွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။