အမှိုက်သိမ်းကုမ္ပဏီကို မူဆယ်ဒေသခံတွေ ဆန္ဒပြ


2017.08.21
muse-protest-622.jpg ပုဂ္ဂလိက အမှိုက်သိမ်းကုမ္ပဏီကို သြဂုတ်လ ၂၁ ရက်နေ့က မူဆယ်ဒေသခံတွေ ဆန္ဒပြနေစဉ်
Photo: ကိုစိုင်းအိုက်ကမ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှာ အမှိုက်သိမ်းဆည်းတဲ့လုပ်ငန်းအတွက် စည်ပင်နဲ့ သဘောတူညီချက် ရရှိထားတဲ့ အောင်ဂရုဏာ ကုမ္ပဏီဟာ အစိုးရရဲ့ စည်းကမ်းချက်တွေအတိုင်း မလိုက်နာလို့ဆိုပြီး မူဆယ်ဒေသခံ ၆၀၀ ကျော်က မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

မူဆယ်မြို့စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းရပ်က ဘောလုံးကွင်းအနောက်မှာ အမှိုက်တွေပုံထားတာ ကားသွားတဲ့ လမ်းပေါ်တွေတောင် ရောက်နေပြီလို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ဒေသခံ ကိုစိုင်းအိုက်ကမ် က ပြောပါတယ်။

"မြို့နယ်စည်ပင်က အောင်ဂရုဏာကုမ္ပဏီကို လွှဲပေးတဲ့အခါကျတော့ တာဝန်ကတော့ အောင်ဂရုဏာ ဖြစ်နေတာပေါ့၊ နောက်ခံတာဝန်ကတော့ စည်ပင်ပေါ့၊ ခုကျနော်တို့ ဆန္ဒဖော်ထုတ်တယ်ဆိုတာကတော့ ဒီအမှိုက်ကိစ္စပေါ့၊ ဒေသခံအားလုံး ၆၀၀ ကျော်ပါတယ်ခင်ဗျ၊ အခြေအနေက ဘယ်လောက်အထိဆိုးလဲဆိုတော့ အစကတော့ ဘောလုံးကွင်းရဲ့ အနောက်ဘက်ဘေးကို ပုံတယ်၊ အခုဘယ်လောက်ထိဆိုးလဲဆိုတော့ ကားသွားလမ်းတွေလေ၊ မူဆယ်မြို့တွင်း သချိုင်းကုန်းလာတဲ့လမ်း အဲ့လမ်းကို ပိတ်ပြီးတော့ကို ပုံထားတာခင်ဗျ"

အဲဒီကုမ္ပဏီဟာ အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို နှစ် ၃၀ ရရှိထားတာဖြစ်ပြီး ၂၀၁၅ ခုနှစ်က စတင်ကာ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းစလုပ်စဉ်ကတည်းက အမှိုက်တွေကို မန့်ဝိန်းဘောလုံးကွင်းနောက်မှာ မီးရှို့တာကြောင့် မီးခိုးတွေရပ်ကွက် ထဲဝင်ပြီး လူတွေနေလို့မရတဲ့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတွေဆီ စာတင်ပြီး တိုင်ကြားတာတွေရှိခဲ့ပေမယ့် ထိထိရောက်ရောက်အရေးယူတာမျိုးတွေ မရှိဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

လက်ရှိမှာ အမှိုက်တွေ တဖြည်းဖြည်းများလာပြီး မိုးရွာတဲ့အခါ အမှိုက်တွေကထွက်တဲ့ အညစ်အကြေးတွေက ရပ်ကွက်တွေထဲကို စီးဝင်လာတယ်လို့လည်း ပြောကြပါတယ်။

အမှိုက်စွန့်ပစ်ရင် လူနေအိမ်ခြေတွေနဲ့ ၃ မိုင်ဝေးတဲ့နေရာမှာ စွန့်ပစ်ရမယ်လို့ စည်းကမ်းချက်ရှိပေမယ့် အခု စွန့်ပစ်ထားတဲ့နေရာဟာ ရပ်ကွက်နဲ့ ၁ မိုင်လောက်တောင် မဝေးဘူးလို့လည်း ကိုစိုင်းအိုက်ကမ် က ပြောပါတယ်။

ဆန္ဒပြရာမှာ အမှိုက်ပုံအညစ်အကြေး အမြန်ရှင်းလင်းပေးဖို့၊ မန့်ဝိန်းအားကစားကွင်းဘေး အမှိုက်ပုံ ရှင်းလင်းပေးဖို့၊ မြို့တွင်းအမှိုက် သန့်ရှင်းပေးဖို့၊ ပြည်သူ့ကျန်းမာရေး ဂရုစိုက်ဆောင်ရွက်ပေးဖို့၊ အောင်ဂရုဏာ အမှိုက်သိမ်းကုမ္ပဏီ အလိုမရှိ စတာတွေကို တောင်းဆိုကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။